ပေါက်ပင်ဘာလို့ကိုင်းရတယ်

"ပေါက်ပင်ဘာလို့ကိုင်းရတယ်"

ကျနော် မတွေးချင်ခဲ့ပါ။
ခုတော့ တွေးဖြစ်လာမိသည်။
ပေါက်ပင်ကိုင်းရသည် ကိုပင်
အကြောင်းအရင်း နှစ်မျိုးကို
ဘက်နှစ်ဘက်မှ မြင်ကြည့်မိသည်။
လက်တွေ့မြင်ကွင်းတွင် ထင်သာသောဖြစ်ရပ်
အမှန်တကယ် စိတ်မကောင်းဖြစ်မိသည်။
အုပ်ချုပ်သူနှင့် တောင်းဆိုသူ။

ပထမအမြင်မှာ
မြန်မာ့ အနာဂတ်အရေးသည်
လူငယ်တို့ လက်ထဲတွင်ရှိသည်။
သို့ကြောင့် ပညာရေး အဆင့်မြှင်တင်မှု
ရှိရန်အမှန်တကယ် လိုအပ်ပါသည်။
ယခင်ကဤလိုအပ်ချက်ကို ဘာကြောင့်
ဖြစ်ပေါ်စေခဲ့သလဲ။
ငါ့ဝမ်းပူဆာလို့ ကိုက်လိုက်ရသည့်
မြွေ ၏ဖြစ်အင်
သားစားသတ္တဝါကြောင့် ဖြစ်ပေါ်လာရသည့်
 နောက်ဆက်တွဲ တောင်းဆိုမှုတို့က
ဖြစ်ပေါ်လာစေသည့် အကြောင်းပင်။
ဆိုးကျိုးဖြစ်ရပ်များမှာ တစ်သီတစ်တန်း
ဖြစ်စဉ်များဖြစ်ကြရလေသည်။
လှေဦးကိုနင်းသော် ပဲ့ထောင်
လှေပဲ့ကိုနင်းသော် ဦးထောင်
စည်းကမ်း နှင့် ဥပဒေ တိုင်းတုတ်
ဘောင်သတ်မှတ်၍ အမျိုးမျိုးအထွေထွေ
အပေါ်မှစိတ်တိုင်းကျ စမ်းသပ်
ဆုံးဖြတ်ကြည့်ကြသော်လည်း
မြွေကိုက်၍ ဖားအော်သည့် ဖြစ်ရပ်ကို
မတားနိုင်ခဲ့ပေ။
သဘာဝအကြောင်းတရားက
အချိန်ကိုက်စနစ်ဖြင့် သတ်မှတ်ကာ
သွားနေခြင်ဖြစ်ရကား
ဖားအော်လို့ မိုးကရွာ မိုးရွာတော့ ငါးပေါ်
ဆင့်ကဲဖြစ်စဉ်များကိုလည်းမတားနိုင်ခဲ့ပေ ။
ဖားအော်တိုင်း မိုးကရွာရသလားဟု
သဘာဝကို ဆင်ခြေတုန့်ပြန်
ပြောဆိုနေလည်း အချည်နှီးသာ။
ငါးပေါ်လို့ ဗျိုင်း လာပြီးပေါက်ပင်ကို
နားရခြင်းပင် ဖြစ်သည် မဟုတ်ပါလော။
ဒါကြောင့်လည်း လက်တွေ့ မြင်ကွင်းဖြစ်ရပ်၌
 ပေါက်ပင်ကိုင်းရခြင်း
အကြောင်းရင်း ဖြစ်ပေါ်လာရသည်။

ဒုတိယအမြင်မှာ
တောင်းဆိုသူများဘက်၌ လောကအမြင်
စေ့စေ့တွေးရုံမျှနှင့် ကြည်လင်စွာ
မမြင်နိုင်သေးသည့် ပညာနို့ရည်
သောက်သုံးဆဲ လူငယ်လေးများပင်။
အသက် ၅၀၊၆၀ကြီးရင့်သည့်
တွေးခေါ်နိုင်စွမ်းရှိသည့် လူကြီးများ
အလွယ်ထိုးဖောက်သိမြင်နိုင်စွမ်း မရှိသည့်
တောင်းဆိုနိုင်မှုအရည်အသွေးကို သုံးသပ်မိသည်။
ယနေ့ မြန်မာတွင်
ဘက်စုံဖွံ့ဖြိုးတိုးတက်နေသော
ရန်ကုန်မြို့ တော်မှ စတင်ပေါက်ဖွားလာသည့်
တောင်းဆိုသူများ ဖြစ်မနေပဲ
ဒုတိယမြို့တော် မန္တလေးမြို့တော်မှ
သန္ဓေတည်လာရခြင်း ဖြစ်သည်။
မည်သို့သော မြွေမှ ငါ့ဝမ်းပူဆာဖြစ်ရသည်မသိ
မည်သည့်အစာကို ဖမ်းကိုက်ပါက
ပေါက်ပင်ကိုင်းစေမည့် ဖြစ်စဉ်
တည်ဆောက်ခြင်းပေလော။
မြွေကိုက်ကာ ဖားအော်တိုင်း မိုးမရွာဟု
တွက်ချက်၍မရ။
ရာသီ ကိုလည်းသိရပေမည်။
ရေမှာပျော်သည့် ငါးကလည်းရှိရပေမည်။
သို့မှသာ ဗျိုင်း ပေါ်လာပါမည်။
ကိုရွှေဗျိုင်း နင်းမှ
ပေါက်ပင်လည်းကိုင်းရမည့် ဖြစ်စဉ်
အုပ်ချုပ်သူ လား
နိုင်ငံရေး အမြတ်ထုတ်သူများကပဲ ဖန်တီးသလား။
ပေါက်နှင့်ကြေး ခွဲခြားမရဖြစ်ကြရသည်။
ထင်ရှားသည့် အဖြေသည်ကား
နိုင်ငံ့ဂုဏ်သိက္ခာ ကျဆင်းရခြင်း၊
အမျိုသားရေး အဆင့်အတန်း နိမ့်ကျစေခြင်း၊
ပညာရေး နည်းဥပဒေ အားနည်းနေခြင်း၊
အုပ်ချုပ်မှုပိုင်းကို ဝေဖန်ခံရခြင်း၊
အပစ်မဲ့ပြည်သူများ စိတ်ထွေပြားစေခြင်း၊
အပစ်မဲ့ လူငယ်လေးများ
နိုင်ငံ့သားကောင်းများ၏ အညွန့်အဖူးလေးများ
ညှိုးနွမ်စေခြင်းတို့မှာစိတ်မကောင်းစရာပင်။
မြန်မာပြည်သားအားလုံး
စိတ်၏ကျန်းမာခြင်း၊ကိုယ်၏ချမ်းသာခြင်း
တို့ရရှိပြီးအောင်မြင်သောလူဘောင်လောကသို့
အရောက်လှမ်းကိုင်နိုင်ကြပါစေ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်