အိုဘယ့်နှင်းဆီ အိုနှင်းဆီ

" အိုဘယ့် နှင်းဆီ ..... အိုနှင်းဆီ "

ပွင့်သည့်ပန်း
လန်းတာခြင်း တူလျှက်
ဆူးခက် ဝန်းရံ
အလှမာန် တက်သည့်သဘော
အများပြော ခံနိုင်ပြီ
အိုဘယ့်နှင်းဆီ ...........အိုနှင်းဆီ ။

ပန်း တပွင့်ပန်
မိန်းမဟန် ညွှန်းလျှက်ဆို
ရွှန်းလဲ့စို မာယာမြှူ
ချစ်ရည်တူ မျှသည့်သဘော
နှိုင်းဆနှော မျောခဲ့ပြန်သည်
အိုဘယ့်နှင်းဆီ ..........အိုနှင်းဆီ ။

ပန်းဝေပုံကြွ
ဆင်မြန်းကြ ပန်းအလှ
ပန်းချီသ ဆေးစုံ လက်သွေး
တစ်ပွင့်လေး လှတဲ့ပန်းရယ်
အဓိပ္ပါယ် ဆန်းလှသည်
အိုဘယ့်နှင်းဆီ ..........အိုနှင်းဆီ ။

စာစီချယ်သ
လှရက်စွ ပန်းတကာထက်
နမ်းရှိုက်မက် မက်မူးစွာ
အလင်္ကာ ပြညွှန်းသီ
ဆူးပန်းနီ နန်းဆန်လှသည်
အိုဘယ့်နှင်းဆီ ..........အိုနှင်းဆီ ။

ပွင့်ချပ် မြေခ
ချွေရက်လို့ နင်းပျက်
အချစ်တွက် ပွင့်ဖတ်ကြွေမှ
ကျေနပ်လှ လူစိတ်မနော
မစောကြော ရောဖျက်ပြန်သည်
အိုဘယ့်နှင်းဆီ ..........အိုနှင်းဆီ ။

ငွားငွားစွင့်ပန်း
လှရက်စွ ပန်းကိုမှ
အစစ ထုံးနှောင်ချည်
မရမက သုံးဆောင်သည်
ဖြေနိုင်ပေါင် ဝတ်ရည်အသည်း
ရွှေရင်ခွဲ ကျမျက်ရည်ဆည်
အလှမက်ဖွယ် မူကွဲသမျှ
လူထဲပြ လွမ်းပြီကွယ်
နှင်းဆီငယ် သခင့်တွက်ရည်
အိုဘယ့်နှင်းဆီ ..........အိုနှင်းဆီ ။ ။

" သစ်ရိပ်ညို "
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်