ရွာငယ်ကျောင်းလေး

" ရွာငယ်ကျောင်းလေး "

ကျောင်းအိမ်တင်းကုတ် ၊ ဝါးကွပ်ချုပ်၍
နှီးတုတ်ခုံတန်း ၊ ကွပ်ပျစ်ကြမ်းနှင့်
သင်ခန်းကျောင်းမှာ ၊ သင်ဆရာလျှင်
ရွာစဉ်အဝေး ၊ ခြေလျင်လေးဖြင့်
အပြေးသော့နှင် ၊ စာလာသင်၏။

ရွာဝင်မြေလမ်း ၊ လယ်ရေလွှမ်းလို့
ခြေစမ်းလမ်းလျောက် ၊ ရေနောက်နောက်တွင်
ဝမ်းလောက်ပေါင်လယ် ၊ ရေပြင်ကျယ်ဝယ်
ရင်လွယ်မခြား ၊ စာသင်သားတွက်
သင်ကြားပေးရန် ၊ ခေါက်တုံ့ပြန်၏။

ရွာခံရွာသား ၊ ကူညီအားဖြင့်
အစားအသောက် ၊ ဘုံမပျောက်ဘဲ
တောက်လျောက်နေ့တိုင်း ၊ ထမင်းဝိုင်းမှာ
အင်တိုင်းဖက်စို ၊ နှီးတုတ်လျှိုလျက်
ကျောင်းကိုလာပို့ ၊ ဝမ်းရေးစို့၏။

ငါတို့ရွာသား ၊ ငါတို့အားနှင့်
ငါ့သားသမီး ၊ ပညာကြီးဖို့
မငြီးမတွား ၊ တစ်တပ်အားလျှင်
သင်ကြားမပျက် ၊ ခရီးဆက်ရန်
အားတက်သရော ၊ တို့ရွာတောတည့်။

သောသောညံစီ ၊ ကျောင်းခန်းဆီမှ
ယာယီတဲနန်း ၊ စာသင်ခန်းမှ
စာပန်းစုံခင်း ၊ စာသင်ဝင်းမှ
လက်ချင်းတွဲဆက် ၊ စာသင်လက်တို့
ဟန်ချက်ညီစွာ ၊ စာသင်ပါ၏။

ကွပ်ပျစ်တဲနန်း ၊ စာသင်ခန်းတွင်
လျှောက်လှမ်းဝင်ရာ ၊ မင်္ဂလာပါ
ဆရာမဟု ၊ သံပြိုင်ပြု၍
ခွန်းစုဝါစာ ၊ မပီကလာလျှင်
ရင်မှာပီတိ ၊ ဂွမ်းဆီထိမျှ
ထိမိရင်ဝမ်း ၊ စိတ်အေးချမ်းသည်
ပန်းတိုင်းဖူးပွင့် ပါစေသော်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်