တက္ကသီလာချစ်သူ

" တက္ကသီလာ ချစ်သူ "

လေးလုံးသံ တခွပ်ခွပ်ပေးလို့
ပြေးပါတဲ့ မြင်းလှည်းငယ်
မုနိရှင် မြတ်ဘုရားသို့
သွားဖူးရာဝယ်။
ဆုတောင်းရ မေ့မောင်ရယ်
ဖူးစာငယ် ဆုံနိုင်ရေး။
တက္ကသိုလ် သီလာကျွန်းမှာ
ကွန်းခိုချိန်လေး။ ။

ရွှေရင်မှာ တမူထူးလို့
ရွှင်မြူးလှတယ်။
အအေးကို လက်ပြန်ချိတ်လို့
သောက်ခဲ့ကြတယ်။
တောင်သမန် အင်းကိုကွယ်
ထပ်ဆင့်ရယ် ဆက်သွား။
မန္တလေးမှာ လွန်ထင်ရှားတဲ့
ဦးပိန်တံတား။ ။

လေပြေငယ် သုန်သုန်ဖြူး
ကြည်နူးရပေ။
ဆံချည်မျှင် အဝတ်စား
လွှားလွှားလွင့်နေ။
ကြည့်စမ်းပါ့ မေ့မောင်ရေ
မောင့်ရဲ့မေ လှသလား။
နေကာမျက်မှန်လေးနဲ့
ပြုံးပြလို့ထား။ ။

သွားကြဦးစို့လားရှင့်
တံတားမှအပြန်။
မန္တလေး တောင်တော်ဦးကို
ဖူးကြဖို့ရန်။
သာပေစွ မြင်းခွာသံ
သောသောညံ ရွှင်အေး။
မယ်နဲ့မောင် တူယှဉ်နွဲတယ်
မြင်လှည်းနှင့်လေး။ ။

တောင်တောင်ခြေ မြတ်ဘုရားတို့
လျှောက်သွားရင်း ကြည့်ရာ။
ထုံးဖြူဖြူ တည်ဘုရား
များပြားလှစွာ။
မေပုန်းလို့ မောင်လိုက်ရှာ
မိပါတော့ ပိုက်ထွေး။
အကြင်နာ ရင်ခွင်လေးမှာ
နွေးနွေးထွေးထွေး။ ။

တောင်ထိပ်ပေါ် သည်အတက်
ချွေးထွက်လှတယ်။
ပစ္စယံ အလယ်နားမှာ
နားကြရာဝယ်။
မောင့်ချွေးစ နဖူးမယ်
ပုဝါငယ် သုတ်လို့ပေး။
အသားဖြူ ပျို့မောင်ဖုန်းရယ်
ပြုံးစစလေး။ ။

ခဏနေ တောင်ထိပ်လေး
ပြေးတက်ကာရယ်။
လှေခါးတွေ မတ်စောက်လွန်းလို့
ညောင်းလွန်းလှတယ်။
ဖေးကူတဲ့ မောင်ကြီးရယ်
ပျိုရှက်ဖွယ် အရေး။
မြွေကြီးနှစ်ကောင် တောင်တော်ထိပ်က
ချောင်းကြည့်လို့လေး။ ။

မန္တလေးတောင်တော်ဦးက
ကြည်နူးဖွယ့် အမှန်။
ညင်းလေပျို ကြည်ရွှင်ပြ
ချွင်ချွင်မြ ဆည်းလည်းသံ။
ဟော ကြည့်ပါ့ နန်းတော်ယံ
ဧရာခံ တောင်တန်း။
ဇေယျာတောင် ထုံးဖြူဖွေးလွှ
အေးမြထုံလွှမ်း။ ။

ဟိုဘက်မယ် ကြည့်ပါဦး
ရှုမဆုံး တောင်တန်းတွေ။
မှိုင်းပြာရီ ညိုမှောင်သန်းတဲ့
ရှမ်းတို့ဌာနေ။
သာမောစွ မြို့ပြခြေ
ရန်ကင်းတောင်နေညိုအသွေး။
အောင်ပင်လယ် တစ်ခေါက်သွားလို့
နားဦးစို့လေး။ ။

သီချင်းသံ မောင်ဆိုပြ
ချိုမြလှတာ။
နှစ်ကိုယ်တူ မြင်းလှည်းလေးနဲ့
ပြေးထွက်ခိုက်မှာ။
ချစ်လွန်းငယ် သံသာ
သီဆိုကာဟစ်ကြွေး။
နှလုံးခုန် ပီတိလွှမ်းဖွယ်
နမ်းလိုက်လို့လေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်