နေတစ်​စင်း

" နေတစ်စင်း "

အဖေ့နှုတ်ဖျား ၊ သမီးသားကို
စကားမချ ၊ တဖွဖွလေး
အေးမြမေတ္တာ ၊ ထွေးပိုက်ကာဖြင့်
ဥစ္စာငွေကြေး ၊ ရှာဖွေပေးလျက်
နောင်ရေးပညာ ၊ အပ်နှင်းရှာ၏။

ကြုံလာဖျားနာ ၊ စောင့်ရှောက်ရာတွင်
ကျန်းမာသုတ ၊ ပြုစုံလှလျက်
ယုယသနား ၊ ကြင်နာပွား၍
စိတ်ထားပြည့်ဝ ၊ အားကိုးရသည့်
အဖသခင် ၊ ကျေးဇူးရှင်တည့်။

လုပ်ခွင်ထဲဝယ် ၊ အားမာန်ကြွယ်သား
နုံးနယ်ချိနွမ်း ၊ မမောပန်းစွာ
ဝန်ထမ်းဖွေရှာ ၊ ချို့ငဲ့ပါလည်း
ချိန်ခါမလင့် ၊ ထောက်ပံ့သင့်ရာ
သားနှင့်သမီး ၊ အတွက်ချည်းတည့်။

တားဆီးသည့်လမ်း ၊ ဖြောင့်ဖြောင့်တန်းဖို့
ဘယ်လမ်းဘယ်လို ၊ သွန်သင်ဆို၏
ထိုထိုခရီး ၊ အသီးသီးတွက်
တနည်းလိမ္မာ ၊ ညွှန်ပြရှာသည်
ပညာတန်ဘိုး ၊ အသိနှိုး၏။

ထီးမိုးကွယ်ကာ ၊ သူ့ခန္တာတည်း
သူသာနစ်နာ ၊ ခံခဲ့ရှာငြား
ဇရာသူ့အား ၊ နှိပ်စက်ပွားလို့
အင်အားချို့တဲ့ ၊ ညှိုးချုံးမဲ့သော်
ပြုံးနဲ့နှုတ်ဆက် ၊ ခန္ဓာသက်၏။

စဉ်ဆက်ခိုလှုံ ၊ မေတ္တာပုံသည့်
လုံးစုံပေးဝေ ၊ "အဖေ" "အဖေ"
"အဖေ"သည်ကား ၊ သမီးသားတွက်
အင်အားရှေ့ဆောင် ၊ ထွန်းလင်းပြောင်တည့်
နေရောင်အဆင်း ၊ အမှောင်ခွင်းသည့်
နေမင်းတစ်စင်း ဖြစ်တော့သည်။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်