စာသင်ကျောင်း

" စာသင်ကျောင်း "

သားသား ချစ်တဲ့ ဆရာမ
မီးမီး ချစ်တဲ့ ဆရာမ။

ဆရာမက စာအံသင်
သားသားမီးမီး တို့ပျော်ရွှင်။

သင်ပုန်းပေါ်မှာ ဝလုံးရေး
ဝိုင်းဝိုင်းစက်စက် စာလုံးလေး။

ကကြီးမှအ ဗျည်းတွဲရယ်
သရပိုင်းခြား မှတ်ရတယ်။

မြန်မာစာပေ အက္ခရာများ
မိမိရရ သင်ပြထား။

မြန်မာစကား ပြောရာဝယ်
ယဉ်ကျေးလိမ္မာ ရှိရတယ်။

မင်္ဂလာပါ ဆရာမ
ညီညီညာညာ နှုတ်ဆက်ကြ။

" သစ်ရိပ်ညို "

" ငယ်နုလန်းရွှင် "

ဘဲပေါက်စလေး ခပ်ငယ်ငယ်
ရေကန်လေးအလယ်။

ကြက်ပေါက်စငယ် အစာရှာထွက်
ဘယ်ညာခြေစုံယက်။

ကြောင်ကလေးက တိမ်းဝှက်ကာ
ကြွက်ချောင်းဟန်ပါပါ။

ခွေးလေးငယ်မှာ ဟောင်ကာပြ
ဝုတ်ဝုတ်သံချိုမြ။

နွားလေးပေါက်စ မြူးတူးစွာ
ခုန်ပေါက်ပြေးလွှားကာ။

သနားစရာ ယုန်ကလေး
မျက်လုံးပန်းရောင်သွေး။

သေးကွေးနုနယ် ချစ်စဖွယ်
အပြစ်ကင်းစင်ကြယ်။

ငယ်ငယ်ရွယ်ရွယ် ဆော့ကစား
ဟန်မူရယ်ကွဲပြား။

" သစ်ရိပ်ညို "

" မောင်ရွှေသွေး မောင်ရွှေသွေး "

မောင်ရွှေသွေး မောင်ရွှေသွေး
ရွှေသွေးလူလေး မောင်ရွှေသွေး ။

မောင်ရွှေသွေးလေး ချစ်စရာ
အိအိစက်စက် လုံးဖန်စွာ။

ကစားချိန်မှာ ဆော့ကစား
အားပြည့်အင်ပြည့် လွန်ဖွံ့ထွား။

အစားအစာ ဝါးစားတာ
သားငါးအရွက် စုံလင် ပါ။

သန့်ရှင်းစေတာ ကျန်းမာရေး
ဖြူဖြူဖွေးဖွေး မောင်ရွှေသွေး။

နုနယ်ရွှေသွေး လှပစွာ
ပြုံးပြုံးရွှင်ရွှင် ရယ်မောကာ။

လှုပ်ခါလှည့်ကာ လူးလာပြေး
သားငယ်လူလေး မောင်ရွှေသွေး။ ။

" သစ်ရိပ်ညို "

" သွေးသစ် လူငယ် "

ရောင်နီပျိုး မိုးသောက်ချိန်
စန်းလသော်တာ မှိန်။

ကြယ်စင်ထိန် မှုန်ပျပျ
ရောင်နီ လာခါစ။

အာရုံတက်သည့် နံနက်မှာ
ကျေးငှက်တွန်သံသာ။

စာအံကျက်ဖို့ နိုးထစို့
စာကြိုးစားပါစို့။

ကျောင်းတက်ခေါင်းလောင်း ထိုးတဲ့အသံ
ဒေါင်ဒေါင်ဒင်ဒင်ညံ။

မင်္ဂလာပါ နှုတ်ခွန်းဆက်
စာအံသင်ဖို့အတွက်။

စာသင်ခန်းလေး အတွင်းမှာ
စာအံဖတ်ကြတာ။

တို့ပြည်ထောင် အောင်စေကြောင်း
လူငယ် သွေးသစ်လောင်း။ ။

" သစ်ရိပ်ညို "

" သစ်တောက်ငယ်နဲ့ ပိုးလောက်ရယ် "

သစ်တောက် သစ်တောက် အို သစ်တောက်
သစ်ပင်ထက်မှာ တတောက်တောက်။

သူခေါက်ရှာတဲ့ ပင်အိုမှာ
ပိုးလောင်းချလေး ရှိတယ်ဗျာ။

သစ်ခေါက်ကြားမှာ ပုန်းလို့ပြေး
ကြောက်ရှာလွန်းလို့လေး။

မကြောက်ပါနဲ့ ပိုးလေးရယ်
ထွက်လာခဲ့ပါကွယ်။

လိမ်လည်လို့သာ မြှူဆွယ်ထား
ကိုသစ်တောက်ရဲ့ စကား။

သူ့ကိုယုံစား ပေါ်ထွက်လာ
ပိုးလောင်းငယ်လေးဟာ။

ခေါင်းလေးဖေါ်ကာ ပြောဖို့သွား
သူ့ကို ဆိတ်တောက်စား။

" သတိထား "

အခါတပါး နားစည်ချို
တောက်တောက်တက်တက်လို။

ဘဝထိုထို ဝါးမျိုလျက်
သံချိုနှုတ်လျှာသွက်။

သစ်တောက်ငှက်လို မလည်လို
ပိုးလောက်မအလို။

ရိုးသားဆင်ခြင် ဥာဏ်ရှေ့ပြေး
သားနဲ့သမီးလေး။ ။

" သစ်ရိပ်ညို "

" ဆောင်းနှင်းမြူ မနောလှ "

နှင်းစက်မိုးရေ တပေါက်ပေါက်
တံစက်မြိတ် ရဲ့အောက်။

တတောက်တောက် စက်စက်ယို
ပတ်ဝန်းကျင်တခို။

နေပျိုလာရင် ဖျောက်ဖျောက်ပြေး
ချမ်းချမ်းစိမ့်စိမ့် အေး။

မြောက်ပြန်လေအေး တိုက်ပြီဆို
ခိုက်ခိုက်တုန်သကို။

လေအေးချိုချို ဖျော့ဖျော့ပြေး
ပါးမှာနီသွမ်းသွေး။

မြူနှင်းဖွေးဖွေး သည်းသည်းလျံ
သာစွဆောင်းဟေမန်။

ဆန်သစ်ထွေးထွေး ချက်လို့ပေး
ကောက်သစ်စားပွဲလေး။

" သစ်ရိပ်ညို "

" ဆောင်းနံနက်ခင်း "

ကျေးငှက်လေးတို့ စိုးစိုးစီ
နေခြည် ထွက်တော့မည်။

လေပြေညင်းလို့ တသွဲ့သွဲ့
သစ်ရွက် လှုပ်လဲ့လဲ့။

ဝန်းကျင်အနှံ့ ပျံ့လွင့်ခို
ငွေနှင်း ဖွဲဖွဲစို။

ပန်းငုံပျိုမှာ ပွင့်အာဖူး
လိပ်ပြာ ဖျတ်ဖျတ်လူး။

စမ်းချောင်းလေးရဲ့ ရေစီးသံ
ငှက်လေးတေးသီသံ။

ကျေးငှက်သာရကာ သောက်ကာသုံး
ပြုံးလို့ ပျော်မဆုံး။ ။

" သစ်ရိပ်ညို "

" ချာမကို ချစ်တယ် ဂျာ နော် "

ချရာမ ချရာမ
တားကိုချစ်ရား ချရာမ။

တားကိုချစ်ရင် ရိုက်နဲ့ဂျာ
တားတား ငိုကျစ်မှာ။

တားကိုအိမ်ဂျာ ခဏခဏပေး
တားကိုရိုက်ဖို့ရေး။

အတန်းထဲမှာ တားချော့တာ
ကျန်းမာရေး တွက်ပါ။

ပေပေကြောတာ တားမှတ်ထား
အဲဒါအားကဂျား။

တားတို့ကျောင်းက ချာတင်ခုံ
ချာအုပ်တေနဲ့ တနေကုန်။

အရိုက်ပါနဲ့ ချာမရေး
တားတားချော့ချိန်ပေး။ ။

" သစ်ရိပ်ညို "

" တို့အိမ်ခြံဝင်း "

အိမ်ကလေး အိမ်ကလေး
တို့မိသားစု အိမ်ကလေး။

တို့အိမ်ဝင်းလေး အတွင်းမှာ
ဖေဖေ မေမေ မမပါ။

ကစားစရာ အဖေါ်များ
ခွေးကြောင်ကြက်ဝက် မွေးလို့ထား။

ခွေးပုလေး ဝုတ် ဝုတ် ဟောင်
ခုန်ပေါက်ပြေးလွှား ချော့မြှူယောင်။

ပူစီကြောင် ညောင် ညောင် ပေး
ကိုယ်ကိုပွတ်သပ် ချော့နေသေး။

ကြက်ဖလေးက အော်သံကျယ်
အောက်အီအီးအွတ် မြည်သံရယ်။

ဝက်ဖြူလေးမှာ တ ဝတ် ဝတ်(ဝပ်)
အစာတောင်းသံ မပြတ်ရွတ်။

တို့အိမ်ကလေး ချစ်စဖွယ်
အေးချမ်းလှပတယ်။

စာသင်ချိန်မှာ ကျောင်းသို့သွား
အိမ်ပြန်ရောက်မှ ဆော့ကစား။

တဝါးဝါး တဟားဟား
တဝါးဝါး တဟားဟား ။ ။

" သစ်ရိပ်ညို "

" အိုဘယ့်ပန်းမာရ် "

အဖူးငုံငုံ ၊ ပန်းတစ်ရုံ
စုံစုံဆိုင်လို့ပွင့်။

အပွင့်မြိုင်မြိုင် ၊ သင်းပျံ့ကြိုင်
လှိုင်လှိုင်ရနံ့လွှင့်။

ဝတ်ရည်နှံ့နှံ့ ၊ ပန်းမာရ်ဖြန့်
တန့်တန့်တည်တည်စွင့်။

ပတုံးသီသီ ၊ ပျားဝေစီ
အလီလီသောက်သုံးခွင့်။

သွင်တနှုံးနှုံး ၊ ရှုမဆုံး
ပင်လုံးဖြိုင်ဖြိုင်ပွင့်။ ။

" သစ်ရိပ်ညို "

" အသံ "

တကျစ်ကျစ် နဲ့ စာလေးပျော်
ကတော်ကတော် ကြက်မအော်။

အုံးအွမ် အော်သံ ဖားလေးမြူး
မိုးခေါ်တေးသံ အသွင်ထူး။

ပဲပဲ မြည်တဲ့ ဆိတ်လေးရယ်
ဂတ်ဂတ် ဆူညံ ဘဲမွေးမယ်။

တညောင်ညောင်နှင့် ကြောင်ကလေး
ဝုတ်ဝုတ် ခွေးလေး ဟောင်လို့ပြေး။

ဒေါင်းငှက်တွန်ကြူး အိုးဝေသံ
မျောက်က ကျိုးခွေ ဆူဆူညံ။

ဆင်လေးမိုမို တဝူး ဝူး
ဂျိုးငှက်မြည်သံ တကူကူး။

ဝမ်းဘဲ မြည်တဲ့ နွားလေးရယ်
ကျွဲလေး ညွမ့်ညွမ့် မြည်ပါတယ်။

မြင်းတွေရယ်သံ တဟီးဟီး
မြွေအော်သံက တရွှီးရွှီး။

စာသင်ကျောင်းက ခေါင်းလောင်းသံ
ဒေါင်ဒေါင်ဒင်ဒင် စီစီညံ။

စာအံသံ ညံမစဲ
တို့ကျောင်းတော်ကြီးထဲ။

" သစ်ရိပ်ညို "

" ပန်းဆယ်မျိုး ကဗျာ "

ဦး"ပန်းတည်း" ငွေကြိုးသီ
ညီလေး"ပန်းရံ" ဆောက်လုပ်စီ။

မေ"ပန်းချီ" မှာ ဆေးချယ်သ
ဒေါ်"ပန်းပွတ်" နော် သစ်လုံးရ။

ကို"ပန်းပဲ" က သံကိုနိုင်
မောင်"ပန်းတော့" လေး ပန်းရုပ်ပြိုင်။

ဦးလေး"ပန်းပု" ရုပ်ကိုထု
မယ်"ပန်းတိမ်" တွက် ရွှေလက်မှု။

မ"ပန်းတမော့" ပန်းရိပ်ဖေါ်
မိ"ပန်းယွန်း" ထည် ယက်ပေါ့နော်။

တူစုံလက်စုံ ပန်းဆင်နွှဲ
မြန်မာ့ဓလေ့ လက်ရာပွဲ။ ။

" သစ်ရိပ်ညို "

"ပန်းဆယ်မျိုး ကဗျာ"

ဘုရားမတင် နတ်မဝင်
လူတွင် ပန်းဆယ်မျိုး ။

မြန်မာ့ရိုးရာ ပညာရှင်
လက်မှု ပညာပျိုး ။

ဆေးစက်ကျရာ အရုပ်ထင်
ပန်းချီ ပညာပင် ။

ပန်းပုပညာ ထုဆစ်ကြ
လှပ ရုပ်လုံးကြွ ။

ပန်းရံကတော့ တည်ဆောက်မယ်
သံလျက် ကိုင်လို့ရယ် ။

ပန်းပဲထုတဲ့ သံပူရဲ
လက်နှက် ပစ္စည်းမြဲ ။

လက်မှုရွှေသား ပန်းတိမ်မှာ
လွပရတနာ ။

ပန်းပွတ်လုံးတွေ မျိုးစုံသုံး
ဆင်လှ တစ်အိမ်လုံး ။

ပန်းတည်းခတ်က လှဆန်းကြယ်
ငွေထည် လက်ရာကြွယ် ။

ပန်းနွယ်ခက်ကြွ လက်ရာလှ
ပန်း တမော့ရယ်ပ ။

ပန်းတော့ပညာ ဖောင်းကြွစွာ
နံကပ် ကနုတ်ပါ ။

ပန်းယွန်းဆွမ်းအုပ် ယွန်းထည်လုပ်
နုရွ ပညာထုတ်။

စုံလင်လက်မှု လက်ရာများ
ပန်း ဆယ်မျိုးကပွား ။

လက်မှုပညာ ထွန်းတောက်လျှင်
နိုင်ငံ့ ဂုဏ်ရောင်ထင် ။

ဆယ်ဖြာလက်မှာ ဦးတင်ထား
ကောင်းမှု ကြွယ်စေသား ။ ။

" သစ်ရိပ်ညို "

" ပြည်ထောင်စု မြန်မာနိုင်ငံတော်အလံ "

ကျွန်ုပ်တို့ရဲ့ အလံတော်
အရောင် လေးမျိုး ရှိသနော်။

ဖြူ နီ စိမ်း ဝါ အရောင်များ
မြန်မာပြည် ကိုယ်စား။ ။

အလံတော်မှ အဝါရောင်
စည်းလုံးညီညွတ် မှုကိုဆောင်။

ပညာတန်ဆောင် ထွန်းလင်းလျှက်
တို့တွေ လက်ခြင်းဆက်။ ။

အလံတော်ရှိ အစိမ်းရောင်
မြေဆီဩဇာ ကြွယ်ဝဆောင်။

ငြိမ်းချမ်းသာယာ မေတ္တာအေး
စိမ်းလန်း စိုပြည်ရေး။ ။

အလံတော်၏ အနီရောင်
ရဲရင့်ပြတ်သား အားကိုဆောင်။

သွေးစည်းညီစေ တို့တွေများ
ပြည်ထောင်စုရဲ့ သား ။ ။

အဖြူရောင်ရဲ့ အဓိပ္ပါယ်
မြင့်မြတ်သန့်ရှင်း ဖြူစင်ကြယ်။

တို့တိုင်းပြည်ရဲ့ ယဉ်ကျေးမှု
ရိုးသား ဖြောင့်မတ်မှု။ ။

စည်းလုံး ဝေစည် သွေးချင်းညီ
ဖြူစင် သန့်ရှင်း စင်ကြယ်သည်။

စွမ်းရည် ပြည့်ဝ ရှိစေသား
အလံတော်၌ ထား။ ။

လွတ်လပ်ရေးကို ထိန်းသိမ်းရန်
သစ္စာရှိဖို့ သတိပန်။

တို့ပြည်ထောင်စု တို့လူထု
နိုင်ငံတော်ကို အလေးပြု။ ။

ပေါင်းစုညီစေ တို့အင်အား
ရိုးသားကြိုးစား တို့လုပ်အား။

မှတ်သားသိဖွယ် ဂရုပြု
အလံတော်ကို အလေးပြု။ ။

" သစ်ရိပ်ညို "

" ပလုပ်တုတ် "

"သ မီး လေး ရယ် ၊ ကြိုက် တဲ့ အရုပ်
လှုပ် လှုပ် လဲ့ လဲ့ ၊ အာ သာ ထုတ်
သူ့ မှာ ပ လုပ် တုတ် ............

ခြေ တစ် ချောင်း လေး ၊ ရပ် ကာ လှုပ်
ဘင် ဝိုင်း လေး ရယ် ၊ သူ့ အ လုပ်
အဲ ဒါ ပ လုပ် တုတ် .............

လက် ကောက် ဝတ် လေး ၊ လှုပ် တဲ့ အရုပ်
ရိုး ရိုး ဘယ် ညာ ၊ သံ သာ ထုတ်
တုတ် တုတ် တက် တက် ၊ မည် တဲ့ အရုပ်
အဲ ဒါ ပ လုပ် တုတ် .............

ဝ ဝ တုတ် တုတ် ၊ တ လှုပ် လှုပ်
ရွှေ သွေး နု နယ် ၊ ပု သေး နုတ်
သူ့ မှာ ငုတ် တုတ် တုတ် .............

ပ လုပ် တုတ် တုတ် ၊ ကြိုး မ ရှုပ်
လှုပ် လီ လှုပ် လဲ့ ၊ တ တုတ် တုတ်
အဲ ဒါ ပ လုပ် တုတ် .............

ကြိုး လေး သေး သွယ် ၊ ထု တဲ့ တုတ်
အ သံ သာ သာ ၊ သူ့ အ လုပ်
သူ့ မှာ ငုတ် တုတ် ၊ အ ဖြေ ထုတ်
အဲ ဒါ ပ လုပ် တုတ် .............

မာ န မ ရှုပ် ၊ အ လုပ် လုပ်
သူ့ ရဲ့ ပင် ကိုယ် ၊ ပြုံး လဲ့ သရုပ်
သူ့ သ ဘော က လှုပ် တဲ့ တုတ်
အဲ ဒါ ပ လုပ် တုတ် ............

" သစ်ရိပ်ညို "

" မေမေ့ရင်သွေး သားရွှေသွေး "

ပုတုသေးကွေး သားရွှေသွေး
ဖြူစင်အေးမြ စိတ်ထားလှ။

နုနုနယ်နယ် ချစ်စဖွယ်
လိမ္မာယဉ်ကျေး မယ့်ရင်သွေး။

ပြုံးလျက်မူယာ ပီတိဖြာ
ပန်းကလေးလို လန်းဆန်းစွာ။

ရီကာပြုံးလျှက် ခွန်းချိုသွဲ့
ချိုမိုင်မိုင်တေး လှုပ်လဲ့လဲ့ ။

လိုအင်ဆန္ဒ တောင်းတဲ့ခါ
ခွန်းချိုတီတာ ပြောတတ်စွာ။

ပြုံးချိုမြမြ ပြောဆိုပြ
မေမေ ဘဘ ပီပီသ။

ရေချိုးလက်သည်း လှီးတဲ့ခါ
မေမေ့သားလေး မငြင်းပါ။

မေမေ့ရင်ခွင် အိပ်စက်မှေး
ကြည်သာချိုအေး မျက်နှာလေး။

ကစားစရာ နှစ်သက်စွာ
ဘောလုံးကလေး ကိုင်ဆော့ကာ။

လှုပ်လီလှုပ်လဲ့ လမ်းလျှောက်ပြေး
မေမေ့ရင်သွေး သာရွှေသွေး။ ။

" သစ်ရိပ်ညို "

" မြန်မာ့ဌာနီ ငှက်တိုင်းပြည် "

နှံပြည်စုတ် သစ်တောက်ငယ်
သပိတ်လွယ် ကြက်တူရွေး
ငှက်ကျားလေး ဇင်ယော်ပျို။

ရွှေချိုးဖြူ စာဝတီး
ဘုံမတီး ငှက်ကြီးဝန်ပို။

တင်ကျီးငှက် ဆက်ရက် ခို
ရွှေကျီးညို ငှက်ခါး။

ရွှေဥဒေါင်း ရွှေကြိုးကြာ
ရွှေဟင်္သာ အောက်ချင်း
ရွှေပိန်ညှင်း ဘဲ ငန်း ကြက်
ရွှေဇီးကွက် ဇီဝဇိုး
တက်တီတူး ဗျိုင်း ဖိုးခေါင်
သိန်း လင်းယုန် စွန် လင်းတရယ်ဖြင့်
လွန်းကျင် ရစ် ဥဩ ငုံးငယ်
ဘီလုံး ပျံလွှား။

" သစ်ရိပ်ညို "

" သားသားမီးမီးချစ်သော ဆရာမ "

စိမ်းဖြူဖြူ ဝတ်လို့ထား
သနပ်ခါး ပါးနုတင်
ရှင်းသန့်လို့ယဉ်။

ပျိုသဇင် နဂိုသွင်
ကြည်လင်လို့ ယဉ်ကျေး။

ရွှင်ပြုံးချိုသာပေရဲ့
လိမ္မာစေ တပည့်များကို
အားပြုသင်ပေး။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်