ကြွေချိန်နီး

” ကြွေခါနီး ”

ပန်းငုံ ပွင့်အံ ၊ ရိုးဆစ် တံထက်
ဝတ်ဆံ ဝတ်မှုန် ၊ ထုံထုံ သင်းသင်း
ဝင်းဝင်း ဖန့်ဖန့် ၊ ပြန့်ပြန့် ကြည်ကြည်
တည်တည် တံ့တံ့ ၊ ရှင်းသန့်သန့် ဖြင့်
ရနံ့ လှိုင်ကြူ ၊ မွှေးခဲ့ ဟူ၏။

ငယ်မူ ငယ်သွေး ၊ ရေရုပ် ရေးသို့
မနှေး မကြာ ၊ တည်းတည်း သာပင်
ညှာတံ ပွင့်နွမ်း ၊ အဆီ ခမ်းပြီ
မနွမ်း မကြေ ၊ အားကုန် စေ၍
ပွင့်ဝေ လိုလည်း ၊ တတ်နိုင် ခဲ၏။

ဆံဖြူ သွားကျိုး ၊ မျက်တွင်း လျှိုးနှင့်
လက်ရိုး ခြေတံ ၊ ချိ မသန် နှင့်
ခါးဟန် ကိုင်းညွှတ် ၊ ရေတွန့် ရွတ်ရွဲ
ဆံကျွတ် နားထိုင်း ၊ မျက်စိ မှိုင်းကာ
အုံ့ဆိုင်း မိုးပြို ၊ သေရွာ ကြို၏။

ပင်ကိုယ် ရည်သွေး ၊ ဖျော့တော့ မှေးလည်း
ဉာဏ်လေး မရှိ ၊ ထင်ရှား သိ၏။

ဒက်ထိ လုံးစုံ ၊ အခက် ကြုံသော်
ဖြေပုံ ဖြေကြောင်း ၊ ပညာ ကောင်း၏။

ရှေးဟောင်း နှောင်းဖြစ် ၊ ပညာ စစ်ဖြင့်
ခေတ်သစ် မောင်မ ၊ ဆိုဆုံးမ ၏။

ပညာ မညှိုး ၊ လူသာ ညှိုးလျော့
နောင် မျိုးဆက် အား ၊ မေတ္တာ သွားသည်
ပါးလျား ထက်မြက် ၊ မေတ္တာ စက်ဖြင့်
မဖက် မာန ၊ မေတ္တာ မျှသည့်
ကြွေခ ချိန်နီး ၊ တန်ဖိုး ကြီးကို
ထံနီး ဘယ်သူ ပြုစုမည်။ ။

” သစ်ရိပ်ညို ”
posted from Bloggeroid

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်