Posts

Showing posts from December, 2018

အိပ်ဆေးပေးပါ

" ​အိပ်​ဆေး​ပေးပါ "" ရင်​အခုန်​ ​လေအဟပ်​ စာဖတ်​ကြည့်​ချင်​။ ​ရွှေစိတ်​ဖြာ သဒ္ဓါ လူး ​လေရူး ပင့်​တင်​။ စိတ်​ဘဝင်​ ဖိတ်​စင်​ကာ လွင့်​ဆဲ။ လွမ်းစာ​ခွေ ရင်​အကပ်​မှာ ဟတ်​ထိ မိမြဲ။ ။ " သစ်​ရိပ်​ညို "

ရသတမျိုးစီ

" ရသ တမျိုးစီ " ငယ်​တုန်းကများကွာ စာတစ်​လွှာ ​ပေတစ်​ချို့ ပို့ရ ခက်​တာ။ စာပို့သူ ​စာပါ​သေးလားလို့ ​မေးရ ခါခါ။ စာတိုက်​ပဲ အားကိုးကာ စာတို​သာ ပို့ကြ။ တစ်​ပတ်​ခြာ တစ်​လခွဲထိ စာပဲ မျှော်​ရ။ ။ ခုချိန်​ခါ မြန်​ တာဗျို့ ခုပို့​တော့ ခုလာ ဒုက္ခ ပဲဗျာ။ ပို့​ပေးဖို့ ခဏတာ စာ​ရှောင်​ခွာ ​နေဆဲ။ ဘယ်​သူ့ကို ကြူ​နေပါ့ကွယ်​ ရှင်းပြ ခက်​ခဲ။ ။ " သစ်​ရိပ်​ညို "

ဟန်မပျော့မာန်လျော့ပါလေ

" ဟန်​မ​ပျော့ မာန်​​လျော့ပါ​လေ " ပန်း​ကြွေ​ပေမယ်​လို့ ခ​ရေမှာ ​မွှေး​နေဆဲ။ ပန်းဝတ်​ရည်​ ​ကျေပျက်​သုဉ်း​ပေမယ့်​ ​မွှေးဦး မှာပဲ။ ။ သူ့အိုးနဲ့ သူ့ဆန်​ တန်​သ​လောက်​ ထည့်​ချက်​။ ဆန်​မတန်​ ကန်​ပုံဆိုးလျှင်​ အိုးကွဲ ပက်​လက်​။ ။ စိတ်​အထန်​ မာန်​အ​ပေါက်​ ​ပြေသ​လောက်​ ဖြည့်​​တွေး။ စိတ်​အ​ခြေ မပြင်​​လောက်​မှ ဘူး​မှောက်​ ​နေ​ပေး။ ။ " သစ်​ရိပ်​ညို "

အပြောနှင့်တခြားစီ

" အပြောနဲ့တခြားစီ " မင်း ပြောတော့ ဟုတ်မယ်ဆို။ ခုဘယ်လို ဘယ်မလဲ ဖွဲ ချည့် ဟာကို။ စပါးအစိုပါဆို မင်းဘယ်လို ကြိတ်ခွဲ။ ဆန်ရိုးလိုဟာမပြောနဲ့ ဆန်ကွဲလို ဟာတောင်မထွက်တယ် စိတ်ပျက်စရာပဲ။ ။ " သစ်ရိပ်ညို"

ဆန္ဒ

" ဆန္ဒ " အကြင်နာ ပြုံး သဒ္ဓါ မှုန်းလို့ သက်လုံး ကြည်နူး မြူးပါစေ။ ပညာ လှုပ်လူး ဥာဏ် ကြီးမှုး လျက် ဆွတ်ခူး ပိုင်စိုး တိုးပါစေ။ သဒ္ဓါ မြတ်နိုး မေတ္တာ မိုးတို့ ဝေဖြိုး ပြည့်လျှမ်း လွှမ်းပါစေ။ မေတ္တာရည် ဆမ်း သစ္စာ ပန်းတို့ ပြည့်လွှမ်း ကြည်အေး မွှေးပါစေ။ ဂရုဏာ ဆေး ဓမ္မ တေးနှင့် တိုက်ကြွေး ရင်နှစ် ချစ်ပါစေ။ အရင်း အမြစ် ဓမ္မ စစ်၏ အနှစ် ရှာတွေ့ မွေ့ပါစေ။ ။ " သစ်ရိပ်ညို"

စိတ်အနားယူခြင်း

" စိတ်​အနားယူခြင်း " ညအခါ ဘုံခဏမှာဖြင့်​ မြပုဝါ ခြုံလွှာချပါလို့ အိပ်​ကြမှ အားပါ။ အတိတ်​လှ စကားရှာ စာရိတ္တ ငါသူတစ်​ပါး အင်​အားနှစ်​ဖြာ ။ ကိုယ့်​လမ်းစ ဟာမို့ ကိုယ်​စွမ်းဆ တစ်​ခုရှာ နှစ်​ခုမှာ စိတ်​အစွမ်း။ စံတင်​စရာ ဥာဏ်​ပညာ အာသာမက်​ဖွယ်​ တွဲလျက်​ ဆင်​မြန်း။ ။ " သစ်​ရိပ်​ညို "

ကျေးဇူးခံကျေးဇူးစား

" ကျေးဇူးခံ ကျေးဇူးစား " မေပင်လယ် ဖေသမုဒ် မွေးထုတ်ခြင်း သားသမီးထံ မြစ်ချောင်းအင်း အိုင်ဆည်ကန်။ စီးဆင်းသွယ် ရေမြေခံ ခိုဝင်ပြန် ရင်တွင်း။ တောင်းဆိုးဟန် ထုံးစံခင်းလျက် စွန့်ပစ်ကင်း သတ္တိသွင်းပါတဲ့ ဘမိချစ်ခြင်း။ လေညင်းရှင် ဖေးမလို့ မိဘတို့ ချစ်မေတ္တာ ရေသင်း ရနံ့ ဖြာ။ သားသမီး မငြီးဖွယ်ရာ တိမ်သဉ္ဇာ စာနာတရား။ ဝေးမြေခြား ရပ်တပါးဆီ ဖြူစင်ကြည် ငွေမြူပျိုးရှာပေါ့ မျိုးသစ္စာထား။ တုန့်ပြန်လာ မှန်ယခု ကံအမှု မိဘဆီ ပို့သမျက်ရည်။ နွမ်းညစ်စွ ရေပြန်သည် ခံရေကြည် မဲ့ဆွေး။ ကျေးဇူးရှင် နှစ်ပါးခံ တတ်သိငြား မိဘများထံ တုန့်ပြန်လို့ပေး။ ။ " သစ်ရိပ်ညို "

မင်္ဂလာတရား

" မင်္ဂလာ တရား " နံနက်​မိုး​သောက်​ အလင်း​ရောက်​ပြီဆိုပါလျှင်​ စိတ်​​နောက်​ကိုယ်​ပါ မယွင်းယခုသာဖြင့်​ ​စေနှင်း သုခုမ ထံတျာ သာယာသကဲ့သို့ သုစရိုက်​ မင်္ဂလာအမှု အဖို့ဖို့ တို့ကို ပြုကြစို့ များသူငါ။ မ​ကောင်းမှု ဒုစရိုက်​ လှိုက်​ဖြာဖြာ အဟိတ်​ဆန်​လို့ စိတ်​မာန်​ချို့ သည်​အမှု​တွေကိုဖြင့်​ ​ရှောင်​ပါယခု အရှိရယ်​လို့ မပြုမိကြ​စေနှင့်​ဗျာ ဒါလည်း မင်္ဂလာပါ။ တန်​ဘိုး အနဂ္ဂ ထားကြစို့ များ​ဝေ​နေရာ ဘုရားတရားသံဃာ မှာ ရတနာ မြတ်​သုံးပါး။ ​ကောင်းမှုကံ လွန်​ဆပွားပါလို့ မ​ကောင်းအမှန်​ လွန်​​ရှောင်​ရှားကြပါစို့ နားယဉ်​စွာ နားအစဉ်​မခွာ ခိုင်​မာသတိဖြင့်​ နှစ်​ဖြာမိဘနှင့်​ မြတ်​ဆရာ အဆုံးအမအချိုးကို အသုံးချ ဖန်​တစ်​ရာ တိုး​စေပါလို့ နှလုံးလှ မြန်​မကြာ ပျိုး​နေလျက်​ကယ်​နှင့်​ ဘုန်း​တန်​ခိုး ​​​နေရောင်​စက်​ ရှိန်​ဝါ လ​ရောင်​သက်​ ငြိမ်း​အေးစွာ သာသည့်​နှယ်​ လူ့​ပြေ(ပြည်​)ရွာ သံသရာ အကျိုးများ​စေဖို့ ထက်​​အောက်​ရွာ စကြာဝဠာ မကျန်​ပါ မင်္ဂလာ ​ပေါကြွယ်​ဝ ကြပါ​စေလို့ ဪ..​လောကသုံးပါး မှာဖြင့်​ ထားအပ်​ ပွားအပ်​ ​အမှန် ​ဆင်​စေအပ်​ရာက မင်္ဂလာ တရား။ ။ " သစ်​ရိ...

ခြေလျင်

" ​ခြေလျင်​ " ဟိုယခင်​ ​ခြေလျင်​သွား​နေကျ ဘယ်​သွားသွား ဘယ်​လာလာ။ နာရီပြန်​ တစ်​ချက်​တီးရင်​ဖြင့်​ ခရီးနှင်​ ကြတာ။ ထမင်းထုပ်​ ကိုယ်​စီပါ ဘူးတောင်း မှာ ​ရေဗူး။ တစ်​​တောဝင်​ တစ်​​တောင်​တက်​ကယ်​ ခရီးဆက်​ ဖူး။ ။ " သစ်​ရိပ်​ညို "

မင်းဝံတောင်တန်း

" ​မင်းဝံတောင်​တန်း " ​ရွှေမင်းဝံ ​တောင်​တန်းပြာ ​မြောင်​စမ်းဟာ နည်းသထင့်​ ​သောင်​ကမ်းမှာ ဝဲသဖြင့်​ ကဲဆင့်​ဆင့်​ ဧရာ။ ကျားဆင်​ရယ်​ ဂျီ​ပြောင်​ဆတ်​ မတည်​​မှောင်​ရပ်​ သို့ကနှင့်​ မမှီ​ရှောင်​တတ်​ ယို့စချင့်​ ဆို့နင့်​ ပုန်းခွာ။ ညို့မှိုင်းသွင်​ ပင်​တသိုက်​ ယာဉ်​ လှည်းတိုက်​ သုံးတဖြာ ဆင်​ကျွဲပိုက်​ ရုန်းလကွာ ပြုန်းပဗျာ ​တောင်​စဉ်​တန်း။ သကြ​တောင်​ ​ကျောက်​အလွှာမို့​သော်​လည်း ​ကြောက်​စရာ ဂလိုင်​ထွင်း စို့စို့မှာဖြင့် ​ဖောက်​အလွှာ ​တောင်​ရွှေတွင်း အလို့ငှါ ​ကျင်းချိုင့် ပြည့်လွှမ်း။ ။ " သစ်​ရိပ်​ညို "

အမှန်ဆီသို့

" အမှန်​ဆီသို့ " ​အမှန်ဆီ မှန်းဆရင်းဖြင့်​ မြင်​ကွင်းအောက်​ ပျောက်​မခံ​ချေ တောက်​​လျောက်​လိုက်​​နေ။ လိုက်​​လေ​​လေ ဝေး​လေ ဉာဏ်​စိတ်​​ဖြေ ​နေဆဲ။ ​အမှားကို ခလုပ်​တိုက်​ကာ ဘုတ်​သိုက်​ ပြုတ်​လဲ။ ။ အမှန်​ကို လွန်မြတ်​နိုးလို့ ​ရှေ့တိုးဖို့ တို့ကြံရွယ်​ သတိ ချပ်​ကွယ်​။ ယိမ်း​​စေနဲ့ မတ်မတ်ရယ် လမ်းမှန်ဝယ်​ ဆက်​သွား။ အမှား​ရှောင်​ အ​မှောင်​တိမ်းကာ ထိန်းတတ်​ ​စေသား။ ။ " သစ်​ရိပ်​ညို "

ကိုယ့်ကိုယ်ကိုသာ

" ကိုယ့်ကိုယ်ကိုသာ " ပြာပုံကို ခဲထုသလိုပါ့ ဘာလုပ်ကြ ဘာလုပ်မယ်။ ဒီအချိန် သည်ကနေ့မှာဖြင့် ငါလက်တွေ့လုပ်ဖွယ်။ ပြန်စဉ်စား လုပ်ဖြစ်ဘွယ် ကောင်းတယ်လို့ ရှိငြား။ သူ ကောင်း မကောင်း လုပ်ရာတို့ မုန်းသူမှာ သူဘာလုပ်ဟု စိတ်ပုပ် ဖယ်ရှား။ ။ " သစ်ရိပ်ညို"

ပုထုဇ္ဇကော ဥမ္မတ္တကော

" ပုထုဇ္ဇကော ဥမ္မတ္တကော " ငါဟုထင်ဆဲ ၊ ငါဟုတ်ဘဲနှင့် သင်လည်းငါ့လို အရူးတည်း။ " သစ်ရိပ်ညို"

အန္ဓ ဒတ္ထ ကန်းသောယုတ်သောသူ

" အန္ဓ ဒတ္တ - ကန်းသော မိုက်သောသူ " ငါစွဲအတ္တ ၊ ငါမာနနှင့် ငါက သင့်ထက် ပိုမိုက်သည်။ " သစ်ရိပ်ညို "

ချွေရံကံကြွေး

" ချွေရံ ကံကြွေ " ဝန်းရံပြည့်တင်း ၊ ငါ့ရောင်းရင်းတို့ နေ့ချင်းညချင်း ပျောက်သွားပြီ။ " သစ်ရိပ်ညို "

ပညာမာန

" ပညာ မာန " ငါ၏ပညာ ၊ ငါ့ဥစ္စာကား ရန်ရှာထွက်ပေါက် ပြုလွန်း၏။ " သစ်ရိပ်ညို "

အပ ဉာဏ

" အပ ဉာဏ " စိတ်၏လည်ဆွဲ ၊ ပညာနည်း၍ မနဲသည်းခံ ခဲ့ရတယ်။ " သစ်ရိပ်ညို "

ကင်္ခါ ယုံမှားခြင်း

" ကင်္ခါ - ယုံမှားခြင်း " သူ၏မာယာ ၊ ယုံစားပါက မြင်လွှာလုံးလုံး ဖုံးရော့ပင်။ " သစ်ရိပ်ညို "

အမ္မဥာဏ

" အမ္မ ဉာဏ " မိန်းမဥာဏ် နှုတ်သွက်လျှာသွက် ပေါ့ပျက်ပျက်ကို လျော့တွက်ရင်ဖြင့် ခံရမည်။ " သစ်ရိပ်ညို "

ပညာအလင်း

" ပညာ အလင်း " အလွန်မှောင်မိုက် ၊ ဝဠာတိုက်တွင်း မဲမိုက်မှောင်ဝေ ၊ လင်းရောင်သွေကွင်း ရှင်နေမင်းလည်း မလင်းနိုင်။ ပိတ်ဆီးကာရံ ၊ တတိုင်းခံလျက် မိုးယံမမြင် ၊ လမင်းရှင်ကမ်း ငွေမှင်တန်းလည်း မလန်းနိုင်။ စွမ်းအားလွန့်လူး ၊ ပိုးစုန်းကြူးငယ် ရွှင်မြူးဝင့်ထည် ၊ မှိတ်တုတ်ရယ်ဖြင့် တင့်တယ်လန်းဆန်း မညှိုးနွမ်းတည့်။ ပညာရဲရင့် ၊ ပွဲလယ်တင့်သို့ ငယ်လင့်ကစား ၊ ပညာအားပြု မှတ်သားသိဆောင် ၊ တစ်​ခုဘောင်လျှင် ဂုဏ်ရောင်ဝင်းပ ၊ ထွန်းလင်းရတည့်။ ။ " သစ်ရိပ်ညို "

အောင်မြေနန်းလှစည်တော်သံ

" အောင်မြေနန်းလှ စည်တော်သံ " အောင်စည်ဝေ သပြေပန်းတွေဖြင့် ပွင့်ဝေလန်း လို့ အောင်ကြောင်းဖြာ။ သာသနာ ရောင်ဝါဝင်းတယ် ကောင်းခြင်းစုံစွာ။ စည်တော်သာ တင့်ဆန်းစွာ ပြည်မြန်မာ့သား။ ဇမ္ဗူမှာ အောင်စည်ယွန်းတယ် ထွန်းလင်းစေသား။ ရောင်ခြည်စေ ဆုချွေမှန်း ရင်ဖြင့် လူ့ပြေနန်း မှာတဲ့ ရွှင်ကြည်သာ။ တို့ပြေရွာ သာယာဖြိုးဖွယ် တိုးတက် ဖို့ရာ။ မျိုးမြန်မာေ​ပါင်းစုံစွာ ​တိုင်းရင်းသားတို့ ရွှေမြန်မာ တောင်အာရှမှာ လှပဖွင့်ထွား။ နောင်အရှည် အောင်စေကြောင်း ကိုဖြင့် ညောင်ရေလောင်း စို့ မျိုးမေတ္တာ။ တို့သစ္စာ ခိုင်မာမြဲ တယ် တွဲဆက် လျက်သာ။ ဤကမ္ဘာ တို့မြန်မာ တ​​ည်နေသမျှကြွား။ ညီညီညာ ပြည်ဌာနမယ် ရွှန်းမြ ဆပွား။ ခေါင်အခြေ တထွေလမ်း မှာတဲ့ မသွေလှမ်း ဖို့ ကြိုးစားမှန်။ လုံ့လပျိုး နိုးကြားပါလို့ ရိုးသားရင့်သန်။ ဇာတိမာန် တို့နိုင်ငံ ​တိုးတက်ဖို့ပဲ။ ပေါပြည့်လျှံ ကြွယ်ခံတင်းတယ် သင်းပျံ့ထုံကဲ။ ဆောင်ရေလေ ရွှေငွေသီး ပါတဲ့ တို့မြေကြီးကွဲ့ ပြည်မြန်မာ။ ပြည့်အဝန်း ဝေသွန်းဖြိုးပါလို့ ဖိုးထိုက်တန်စွာ။ ရတနာ စိမ်းမြနီလာ သီးနှံ​ရွှေ​ပေး။ ပြည်တန်ရာ ပတ္တမြားရယ် ပေါများလို့လေး။ ။ ...

မြတ်တရားအမှားမပါ

" မြတ်တရား အမှားမပါ " တချို့သော လူတို့ကား အားကိုးရာသာရှာ။ တစ်ကိုယ်စာ ကိုယ့်အရေးတွက် ကောင်းမှုဝေး မြဲရှောင်ခွာ။ မြင့်မြတ်သော တရားမပါ ဘုရားသာ ဦးခိုက်။ မှန်ကန်မှု ပြု ကင်းစင် လူ့ဝန်းကျင် အလေးထားလျက် သွေးသားထိမိုက်။ ။ " သစ်ရိပ်ညို "

ဣနြေ္ဒ

" ဣ​နြေ္ဒ " ဣ​နြေ္ဒ ဣန္ဒြိယ ဟာဖြင့်​ အစိုးရ ပိုင်​နိုင်​စွာ။ မျက်​စိနားနှာ လျာကိုယ်​စိတ်​ မထိတ်​လန့်​ ​စေဖွယ်​ရာ။ သတိ ဝီရိယ သမာဓိ ပညာ သဒ္ဓါသာ နိုင်​​အောင်​ထိန်း။ ကံအခွာ ဇရာဆုံး​တောင်​ မရှုံး ​စိတ်​ငြိမ်း။ ။ ​စောင့်​​ရှောက်​ပါ​ ​ဖြောင့်​​ဖြောင့်​မတ်​ မ​ကောက်​မကပ်​ စိတ်​ကြည်​သာ။ တဖျတ်​ဖျတ်​ လွန့်​မလူး ထူး တည်​ငြိမ်​စွာ။ ပြည့်​ဝသည့်​ ဣနြေ္ဒမှာ ခံစားရာ မနစ်​မွန်း။ ရန်​ဣစ္ဆာ ဘယာ​ဝေး​အောင်​ ​ဖေးမ စိတ်​တွန်း။ ။ " သစ်​ရိပ်​ညို "

မသိမိုက်

" မသိမိုက်​ " အမုန်း မဖက်​ပါဘု ပြုံးလျက်​နှင့်​ မျက်​ရည်​လည်​။ နားမလည်​ နိုင်​​သေးသူမို့ ​ဖေးမ လျက်​ကွယ်​။ တစ်​​နေ့​နေ့ ​တော့ရယ်​ သိလိမ့်​မယ်​ ​မျှော်​​တွေး။ ဥာဏ်​တိမ်​မြူ ပိတ်​ဖုံးလှတယ်​ လုံးဝ ငယ်​​သေး။ ။ " သစ်​ရိပ်​ညို "

လင်းနို့

" လင်းနို့ " လမ်းလည်း မ​ရှောင်​ ပန်းလည်း မ​မြှောင်​ ပင်​အ​ဆောင်​ ​ခေါင်​ထွဋ်​ဖျားမှာ နားသည့်​ အ​ကောင်​။ ​မှောင်​မှာ ​ဇောက်​ထိုး ​ချောင်​မှာ ​လျှောက်​တိုး ညဉ့်​ခါနိုး ကြိုးစားအစာ ရှာသည့်​ အမျိုး။ ။ " သစ်​ရိပ်​ညို "

စာမေးပွဲကြီးနီးပြီ

" စာ​မေးပွဲကြီး နီးပြီ " ရည်​ရွယ်​ရာ ကိုယ်​စီထား သွားကြသည့်​ ဘဝပန်းတိုင်​ မြိုင်​မြိုင်​ ဆိုင်​ဆိုင်​။ ​ကျောင်းခန်းမှာထိုင်​ မြဲယှဉ်​ပြိုင်​ ပညာ​ရေး။ ကြိုစားကာ သံပြိုင်​ထွက်​လို့ စာကျက်​စို့ လေး။ ။ " သစ်​ရိပ်​ညို "

အဆစ်အချိုးအမျိုးမျိုး

" အဆစ်အချိုး အမျိုးမျိုး " ဝင်းတစ်လှည့် မှည့်တစ်ဖုံ ငုံတစ်ပွင့် ရင့်တစ်အို ညိုတစ်ကြောင်း မောင်းတစ်လီ သီတစ်ကုံး ထုံးတစ်ဆစ် ရစ်တစ်သွယ် တွယ်တစ်ပါး များထွေလူ့ရွာ ၊ အဖြာဖြာတွင် သင်္ခါရတွင်း ၊ လှည့်လည်ရင်းဖြင့် တစ်သင်းတစ်ခက် ၊ ခရီးဆက်၍ အိပ်မက်ပန်းချီ ၊ အလီလီလျှင် ယာယီခဏ ၊ ပျော်ရွှင်ရသည့် ဘဝအိမ်လေး ၊ ဆေးချယ်ရေးလျက် ဟစ်ကြွေးတေးသီ နေကြသည်။ ။ " သစ်ရိပ်ညို "

လယ်တောပျော်

" လယ်တောပျော် " မရေရာ မသေချာ။ တစ်ပြည်ရွာ အိပ်မက်ဆိုးကို စိုးနှောင့် ဗျာပါ။ မဖြေသာ မနေသာ ရွှေအညာ သွေခွာဖို့အရေး။ ချစ်တဲ့သူ လူညိုထွားမှာဖြင့် ကိုတောင်သူ လယ်သမားဟာမို့ ထားခဲ့ ခင်လေး။ ။ " သစ်ရိပ်ညို "

ကဗျာရေယာဉ်

" ကဗျာရေယာဉ် " ကဗျာတောဟာဖြင့် သာမောဖွယ့် နဒီ။ ရေအလျင် သောင်အဖြတ် ဆက်စပ် စာစီ။ ရွေ့ရွေ့ချီ ကဗျာသီ ချိုအေး။ ရွှင်တစ်လူ သွင်တစ်မူ ယဉ်မဆုံးတယ် မှုန်းသ ချယ်ရေး။ ။ " သစ်ရိပ်ညို "

ထင်သားပဲကွာ

" ထင်သားပဲကွာ " အသက်ကြီးပြီမို့ တွက်နည်းလေး မျက်စိမခွာ မအားနိုင်ပါ။ ကိန်းဂဏန်း ရှာ ဘယ်ဟာက ထိပ်စီး။ စိတ်ပျက်စရာ နောက်ပိတ်ရှာ ဘယ်လိုတွဲသော်လည်း လွဲခဲ့ သည်ချည်း။ ။ " သစ်ရိပ်ညို "

အာဂလူ

" အာဂလူ " အ​ကြောင်း အကျိုး ရှိရင်​ဖြင့်​ ​ကောင်းဆိုးသိ ဆင်​ခြင်​ ပိုင်းဖြတ်​ထင်​ထင်​။ ပါးနပ်​လို့ လိမ္မာလျှင်​ တိမ်​လွှာတွင်​ ဝံ့ကြွား။ ​အောင်​ဇမ္ဗူ တစ်​လူပါ့ကွယ်​ အာဂလူသား။ ။ " သစ်​ရိပ်​ညို "

ကံကံ၏အကျိုး

" ကံ ကံ၏အကျိုး " စိတ်အနေ အခြေပျက်ပါက ကြွေသက်သည့် ပန်းနှယ် ဝေဒနက် သည်ခန္ဓာဝယ် ပညာက်ကယ် ရှိငြား။ သင်္ခါရက္ခန္ဓာ သဘောဟာမို့ စစ်ကြောလို့ ဖွေရှာခက်သား။ ဆင်းရဲခြင်း ချီးမွမ်း ကဲ့ရဲ့ ငြီးသွမ်းမယ့် အစား။ မြည်းစမ်းတဲ့ ကံတရားဟာဖြင့် ဥာဏ်များရ အခက်နော်။ မြတ်ဗုဒ္ဓ တရားဟောမှာဖြင့် နာမ်သဘော သရုပ်ထင်ပေါ်။ ကမ္မန္တ ပစ္စယာပေသော် နှစ်တစ်ရာကျော် မနေအား သန္ဓေသား တရားမမြင် အမှားခင်မင်။ ချားရဟတ် တစ်ပတ်လည်လျှင် ပန်းအသွင် ကြွေနွမ်းလိမ့်လေး။ ။ " သစ်ရိပ်ညို " ကမ္မန္တ ပစ္စယာ - ကံဟူသောအကြောင်းအရာ

တွေးလေလေ

" ​တွေး​လေ​လေ " ရန်​ကုန်​ကျူးနဲ့ မန်းကျူးသူ သံ​ယောဇဉ်​ကူ ​မေတ္တာမျှ။ အွန်​လိုင်းတွင်​ တကယ်​ချစ်​တဲ့ ချစ်​သူ​တွေ ဗျ။ ။ " သစ်​ရိပ်​ညို "

ပြုတ်မနူး

" ပြုတ်​မနူး " ပြုတ်​မနူးရင်​ဖြင့်​ အဟုတ်​ထူး ရသာ​ကောင်းဖို့ ​ပေါင်းပြီး စားပါ။ ​အရသာ အနံ့​ပေးလို့ ​မွှေးကြိုင်​လှစွာ။ ဟင်း​မွှေးနှင့်​ မဆလာ ​ထွေ​ထွေဖြာ ထည့်​​ပေါင်း။ အရသာ တကယ်​ရှိ​ပေါ့ စားကြည့်​မှ ​ကောင်း။ ။ " သစ်​ရိပ်​ညို "

မဂျမ်းပုံ

" မဂျမ်းပုံ " နှုတ်​အာလျာ ကြမ်းသပါ့ သမန်းက ဆလံတင်​ လန့်​ဖြန့်​​ရော့ထင်​။ ကြမ်း​ကြော့​ကြော့ ​သော့​သော့ငင်​ ​ချော့​မော့ပင်​ ခက်​​သေး။ ကျွမ်းထူပူ မူငူတုန်းရယ်​ ပြုံးခက်​​ရော့​လေး။ ။ " သစ်​ရိပ်​ညို "

မိသောင်းရေ

" မိသောင်းရေ " မင်းပိုင်ဘဏ္ဍာ မင်းဥစ္စာမို့ ငါ့မှာကြောက်လန့်နေရပြီ။ " သစ်ရိပ်ညို"

စာပေဟောပြောပွဲ

" စာပေဟောပြောပွဲ " လက်ခုပ်သံခေါ် ပညာလျှော် မတော်ပုပ်အဲ့ ဟောပြောပွဲ။ ချေးခြောက်ကိုလှော် ဆီရေပေါ် အတော်ဟုတ်တဲ့ ဟောပြောပွဲ။ ။ " သစ်ရိပ်ညို "
" အံ့ဩပါ့ " အတွေ့အရှိ ယနေ့ထိ မိမိရရ မှားတုန်းပင်။ " သစ်ရိပ်ညို "

ပန်းမြတ်စေတီ

" ပန်းမြတ် သူဇာ " တောင်ဇလပ်ပန်းရယ်နဲ့ မြောင်စမ်းငဲ့ တင့်စို တောင်နှုတ်ခမ်း ပွင့်အခိုဝယ် မြင့်ထိုထို ရှက်သွေး။ ဘွေဝဠာ သဉ္ဇာနန်းမှာတဲ့ လန်းဆန်းကြ ပန်းလှနုထွေး။ မြေလွှာကျောက် အကြောဖြာမှာ ရွှင်မောသာ လေအေး။ မြင့်လျောမှာ ခဏမှေးစဉ်မှ ရနံ့မွှေး သင်းထုံ။ တိမ်အလွှာ တောင်ခါးပန်းမှာဖြင့် အမြင်ဆန်း လှတဲ့ရိပ်မြုံ။ မြောက်လေသွေး နှင်းဝတ်မှုန်ရယ် ဆင်းချစ်ပုံ ဘဝင်ခိုက်စရာပါ့ မြူအသိုက် ပုလဲသွယ် ဝဲပျံ့ ကြည်စယ်။ တောင်ဇလပ် ပန်းမြတ်ငယ်ရယ် နန်း နတ်နွယ် နတ်ပန်းသို့လေး။ ။ " သစ်ရိပ်ညို"

ဆောင်းနွေမိုးပြည့်ရင်ခွင်

" ဆောင်း နွေ မိုး ပြည့်ရင်ခွင် " ( ပိုက်စုံ ရတု ) ဟေမန် သွန်းအေး ၊ လေပြန် သွေးက ပိုက်ထွေး ဖြူဘောင် ၊ ငွေမြူ ဆောင်လျက် နှင်းတောင် နှင်းတိုက် ၊ နှင်းပွင့် လှိုက်ရာ နှင်းသိုက် ဝတ်ရည် ၊ သုံးရာသီ တွင် ရာသီ နှင်းနု ၊ ဖွားဖွား ပြုသော် နှင်းဥ ငွေလွှာ ၊ ညင်းလေ လာက စိမ့်ဖြာ နှင်းမှုံ ၊ အေးရိပ် ခြုံလျက် ငွေငုံ နှင်းဖွေး ၊ ရွှင်ကြည် အေးသည့် နှင်းဆွေး စွေ့စွေ့၊ လွမ်းရိပ် မွေ့သား လွေ့လွေ့ နှင်းမြူ ၊ ဖွေး ဖြူဖြူ တွင် နေပူ နှင်းကွဲ ၊ တ ဖွဲဖွဲ ဖြင့် နှင်းစဲ ရည်စု ၊ နေ နုနု သွန်း ပြေလု နှင်းပျံ ၊ ဆောင်းဟေမန် တွင်း နှင်းခံ နှင်းလှိုင်း ၊ နှင်းပျောက် စိုင်းကာ မုန်တိုင်း နှင်းမိုး ၊ သက်နှင်း တိုးက နှင်းပျိုး ဟေမန် ၊ ဆောင်းနှင်း လျံသည် ဖန်ဖန် နှင်းစ ပျိုးသစ်သည်။ ချိန်မှန် နှင်းပေါက် ဖျော့ဖျော့မည်။ ။ နွေမှန် ညွှန်းတေး ၊ ဟေမန် ဝေးမှ လှိုက်ဆွေး ဆူလောင် ၊ လေပူ လှောင်သက် လင်းရောင် လင်းခိုက် ၊ လင်းလွင့် လှိုက်ဖြာ ဆင်းစိုက် နေခြည် ၊ မိန်ရာသီ ခွင် နွေဆီ ပေါင်းစု ၊ လွှားလွှား ရှုမျှော် မျှဉ်းနု ရွက်ဝါ ၊ ယော်ဝါ ခွာကျ ဆင်လာ ရွက်စုံ ၊ ပင်ညှောက် ပြုံထွက် နွေဂုဏ် ရွက်ဆွေး ၊ ရွက်ခြောက် ကေ...

နံနက်မိုးသောက်နှင်းမှုန်လျှောက်

" နံနက်မိုးသောက် နှင်းမှုံ လျှောက် " ဖွဲဖွဲ စိမ့်လျှံ မြူနှင်းပျံ မြောက်ပြန် နှင်းရည်သောက်။ စွေ့စွေ့ သိမ့်ကျံ မိုးသောက်ယံ ပန်းမန် နှင်းရည်သောက်။ ငြိမ့်ငြိမ့် ဖွေးခံ ရေတမံ သွင်းကျန် နှင်းရည်သောက်။ တောက်တောက်စက်ယို တွဲရွှဲခို စိမ့်စို ရေတံလျောက်။ ပေါက်ပေါက်ရည်ပြို နှင်းဥပျို တွယ်ခို ရေတံလျောက်။ နှင်းစုရေသို ဖျောက်ဖျောက်ငို ဆင်းလို ရေတံလျောက်။ အောက်ကပန်းပင် ပွင့်လန်းသွင် ပြုံးရွှင် နှင်းရည်သောက်။ နှင်းပြောက်သံကြား ဖူးစွင့်ကား ငွားငွား နှင်းရည်သောက်။ ဝတ်ရည်လဲ့ဟန် ငွေနှင်းပန် ချိန်မှန် နှင်းရည်သောက်။ နှင်းရည်တံလျောက် သွယ်ကာဖောက် ပင်အောက် မြေသားရောက်။ " သစ်ရိပ်ညို "

တောင်တော်ပါးမှမြစေတီ

" ​တောင်​​တော်​ပါးမှ မြစေတီ " အရုဏ်​ နံနက်​ ၊ ​နေခြည်​ တက်​ ၍ ​ရွှေစက်​​ ရွှေရည်​ ၊ ဖြိုးသက်​စည်​ သည့်​ ​စေတီ ဘုရား ၊ ​တောင်​​တော်​အား လျှင်​ ညွှတ်​တွား ဦးချ ဖူးရသည်​။ ​နေ့မှူး ​နေ့လည်​ ၊ မွန်းတည့်​ တည်​၍ ပင်​စည်​ ကိုင်းခက်​ ၊ ပင်​ရိပ်​သက်​ သည့်​ ​မှေးစက်​ တခို ၊ ​တောင်​​တော်​ကို လျှင်​ ပင်​ညို ရစ်​သိုင်း ၊ မှိုင်း​တော့သည်​။ ​နေညို​ စွေးစွေး ၊ ​ရွှေရည်​ ​သွေး၍ ​ရောင်​​ပြေး ဟပ်​ထင်​ ၊ ဝင်းပရွှင်​ သည့်​ ကြည်​လင်​ မြတ်​စွာ ၊ ​စေတီမှာ လျှင်​ သဒ္ဓါ ပီတိ ရှိလှသည်​။ " သစ်​ရိပ်​ညို "

ယဉ်ယဉ်လေးရူး

" ယဉ်​ယဉ်​​လေးရူး " တိမ်​လွှာကို မျက်​စပစ်​ ချစ်​ ခဲ့တဲ့ ​နွေ။ ​စောင်းငဲ့​စွေ ​ခေါင်းအလှည့်​ ကြည့်​ ခဲ့တဲ့ မိုး။ နှင်း​မြူလွှာ ရင်​အမ တ ခဲ့တဲ့​ ဆောင်း။ ​နွေအစမို့လည်း ​မြေခ​ကြွေကြသည်​။ မိုးအစသို့​ကြောင့်​ သွန်း​ဖြိုးချကြသည်​။ ​ဆောင်းအစရယ်​လို့ နှင်းမြ ချယ်​ကြသည်​။ ရာသီ​တွေ အလီလီလည်​ စလယ်​ဆုံး နိဂုံးမရှိ ချစ်​မုန်းစာ ကဗျာမသိ ဪ ဟတ်​ထိ မှတ်​သိသမျှ တကယ်​​တော့​.. နတ္ထိ ...​ပေ။ ။ " သစ်​ရိပ်​ညို "

ဝယ်ကြဦးမလားခင်ဗျာ

" ဝယ်ကြဦးမလား ခင်ဗျာ " ငွေရှားပြီဆိုမှဖြင့် နွမ်းပါးတို့ အခက်ဝေ။ အခြေခံ ဘဝလမ်းဝယ် ဝမ်းရေး က ငွေ။ ငွေတစ္ဆေ တွေဝေလျက် ရှောင်ပုန်း။ ကန်စွန်းရွက် ရေလုံပြုတ် ဟင်းလုပ် ခက်တုန်း။ ။ မီးပွိုင့်နားရယ်က ကားလမ်းဘေး ပန်းဈေးသည် ပန်းတွဲလေး သယ်။ ဝယ်မလား ဝယ်ကြကွယ် ပန်းဝယ်ကြ ပါအုံး။ ပန်းလေးတွေ မြှောက်ကာမကာနှင့် ရောင်းရရှာတုန်း။ ။ တစ်နေကွယ် တစ်စလည် ဆန်ငကျွဲ နံကြားထဲ ပျောက်ချင်။ အိမ်သူရှင် သမီးသား စောင့်စားရော့ထင်။ ပန်းသခင် နေဝင်တောင် မကုန်သေး။ ငွေဓနရယ်ဖြင့် ခြေမဝယ် ချွေးကြွေကျသော်လည်း ဝေးလှ တယ်လေး။ ။ " သစ်ရိပ်ညို "

ဆောင်းချစ်သူ

" ဆောင်းချစ်သူ " နတ်တော်လနှောင်း ပြာသိုပြောင်းဝယ် လေကြောင်းမြောက်ပြန် စိမ့်အေးလျံသည် ညဥ့်ယံညလေး မျက်နှာငယ်။ ညဥ့်ယံစက်မှေး လမင်းဖွေးနှင့် ကြယ်လေးသော်တာ ထွန်းလင်းရှာလည်း ငါ့မှာစောင်ခြုံ ကွေးလို့ရယ်။ " သစ်ရိပ်ညို "

ဒွေးတော်လွမ်းသူများသို့

" ဒွေတော်လွမ်းသူများသို့ " မင်းတို့တစ်တွေ ၊ ငတေလေသို့ ကလေကဝ ၊ လုပ်သမျှလျှင် ကျုပ်က ဒါကြောင့် မုန်းရသည်။ မင်းတို့သိထား ၊ အမျိုးသားတွက် အင်အားမပါ ၊ ဖျက်ဆီးတာဖြင့် လွန်စွာ ရွံရှာ မုန်းတီးတယ်။ မင်းတို့လက်ကမ်း ၊ လိမ်ဆင်ငြမ်းက သွမ်းသွမ်းသော့သော့ ၊ ကြမ်းကြော့ကြော့မို့ အော့နှလုံးနာ မုန်းလှတယ်။ မျိုးဖျက်ထောင်ပြေး ၊ မှောင်အတွေးဖြင့် သောက်ရေးမပါ ၊ မိလိမ်ညာနှင့် နောက်ပါမျိုးဖျက် ၊ ပြန်ချင့်တွက်လော့။ မျိးဆက်ဘိုးဘွား ၊ ဘီဘင်များလျှင် ဘုရားကျောင်းကန် ၊ စာကျမ်းဂန်မှ ဧကန်ပေါက်ဖွား လာခဲ့သည်။ ဧကန်ဖောက်ပြား ၊ မျိုးဖျက်များရေ သွေးသားဆူပွက် ၊ အသည်းအက်မျှ ကရက်ဗျုရို ၊ နင့်ဒီမိုမျိုး အလိုမရှိ ၊ ကလိလိနှင့် စိတ်ရှိတိုင်းသာ မုန်းတော့သည်။ ။ " သစ်ရိပ်ညို "

ရွာတောဓလေ့ရိုးရာ

" ရွာတော ဓလေ့ ရိုးရာ " အညာမြေ ဇနပုဒ်က လယ်လုပ်တဲ့ ကိုလူမော် ရိုးသားလှ သနော်။ တိုးပွားကာ ခါးစည်အောင်လို့ နွားညီနောင် နက်နီက ဘက်ညီမျှ သူ့အဖေါ်။ စိတ်ထားဖြူ သူ့အတွေးဖြင့် တေးကလေး တကျော်ကျော် ရွှင်ပျော်ပျော် အော်မြဲ။ မိုးသောက်သော် စိတ်ကြည်လင် လယ်ယာခွင် နေ့စဉ်သွားလျက် ကြိုးစားနေဆဲ။ ။ နေညိုရီ တခိုလောက် ချိန်မှန်ရောက် လယ်တောပြန် သူ့အိမ်ရပ်ထံ။ နွားညီနောင် ကြိမ်ကိုထောက်လို့ ရွာရိုးတလျောက် သီချင်းသံ သောသောရယ်ညံ။ စောကြောတဲ့ ဒီနွားရယ်က ဟဲ့ ဖေ့သား တောက်ခေါက်သံ အဖန်ဖန် အော်သံကြား။ လူးလူးငယ် ဆင့်ခံရာဝယ် လွင့်ပျံစွာ ဖုန်မြူလွှမ်းတယ် လွမ်းဖွယ့်ရွာသား။ ။ " သစ်ရိပ်ညို "

တောပြုန်းတော့တောင်ကိုဖြို

" တောပြုန်းတော့ တောင်ကိုဖြို " ရဂုံဘွေမြိုင်ယံ တောမယ်ကွယ့် ပြောလို့ မယုံ။ စုံမြေဂနိုင်မှော် ကောလို့ရယ်တဲ့ တော ပါးလျကုန်။ ပြောစမှတ်ဖြစ်လို့ ကြုံပါပေါ့ နွမ်းလျပုံမှာဖြင့် မချိတင်ကဲ။ လောဘဇောတိုက်ကာ အမိုက်မှောင် ဖုံးကြတယ် မချန်ပေါင် တောင်ဂတုံးတွေလည်း ပြုန်းခဲ့ပြီပဲ။ " သစ်ရိပ်ညို "

သောတတီတီတာ

" ​သောတ တီတီတာ " လာကြည့်​ပါလားဗျ သာလိကာ ​လေးလိုလို ​တေး​ချိုချို ဆို။ အပြုံး​လေး မူမူပို မြှူသလို သီကြွေး။ သံသာသာ တီတာ​လျောင်းတယ်​ ခညောင်း ကြည်​​အေး။ ။ " သစ်​ရိပ်​ညို "

မိုးဝသန်

" မိုးဝသန်​ " ​မှောင်​ရိပ်​ရယ်​ညိုပြာ။ လဠာမှာ အုံ့ဆိုင်း သိုင်းဝိုင်းလို့လာ။ မိုးမင်းရယ်​ မာန်​ဟုန်​ဖြာ ​အောတိုက်​ကာ ရွာသည့်​မိုး။ ​ရေအလျင်​ သွင်​သွင်​စီးတယ်​ ကြီးစွ​ ရေတိုး။ ။ " သစ်​ရိပ်​ညို "

ထက်အညာ

" ထက်​အညာ " ​နွေကန္တာ အညာ​တောမှာဖြင့်​ ဖုန်​​တောရယ်​တဲ့ ​သော​သောညံ။ အုန်းထန်း​ပေ ပင်​ထ​နောင်းရယ်​နဲ့ ရှား​စောင်း လက်​ပံ။ တမာ ပိ​တောက်​ ပ​ညောင်​စံ ဇီး မန်​ကျည်း ကုက္ကိုရိပ်​။ မွန်း​နေပျို ​ခေါင်​လယ်​ထိပ်​မှာ ​မှေးမှိတ်​ ​ချွေးသိပ်​။ ။ " သစ်​ရိပ်​ညို "

မွှေးပြန့်ကြိုင်လှိုင် ရနံ့ပြိုင်

" ​မွှေးပြန့်​ကြိုင်​လှိုင်​ ရနံ့ပြိုင်​ " သန့်​ပြန့်​​ဖွေး​ဖွေး ကြည်​လင်​​အေး ​မွှေးသည့်​ စံပယ်​​လေး။ စံပယ်​ရုံ​ဘေး ဇွန်​ပန်းရုံ ​မွှေးပျံ့ သင်းသင်းထုံ။ အငုံအငုံ ဖူးပွင့်​လန်း ဇွန်​ နှင့်​ စံပယ်​ပန်း။ ။ " သစ်​ရိပ်​ညို "

ခွင့် ပန်ကြောင်း

" `ခွင့်​´ ပန်​​ကြောင်း" သည်​နှစ်​ဦး ရည်​စူးလို့ကြံ။ ဘနဖူး သိုက်​တူးဖို့ဖန်​။ မှန်​ မမှန် ဧကန်​ မုချ။ ခရိုနီ ငါတ​ကော "​ဇော"ဇောတိက။ " သစ်​ရိပ်​ညို "

နှောင်း

" ​နှောင်း " မုန်းတစ်​သက်​ကယ်​တဲ့ ပြုံးလျက်​နှင့်​ ခွာ။ ပန်​သစ္စာ ရင်​အနှစ်​မို့ နှစ်​သက်​လှစွာ။ တမ်းတမ်းတ အခါခါ အလွမ်းရွာ စု​ဝေး။ လွမ်းမီးအိမ်​ မှိန်​မှိန်​ညှဉ်းတယ်​ လင်းသည့်​ ချိန်​​လေး။ ။ " သစ်​ရိပ်​ညို "

တစိမ့်စိမ့်

" တစိမ့်​စိမ့်​ " ရိုးရိုးနှင့်​ ယဉ်​ယဉ်​။ မပြုပြင်​ အဆင်​ကြွ လှပလျက်​ပင်​။ နဂိုလှ နဂိုဏ်းဆင်​ နဂိုယဉ်​ သည်​အလှ။ လင်းအရုဏ်​ နိုးထစ မှာ အလှဂုဏ်​ကြွ။ ။ " သစ်​ရိပ်​ညို "

လူပြိုဖြန်း

" လူပြိုဖြန်း " ရိုးရင့်​​ရော်​ရမ်း ​သွေးဆီခမ်း ချစ်​စမ်း​ချောင်း​လေး လွင့်​လွင့်​ချီ။ နွံနှစ်​နာဝါ လွှင့်​လို့လာ ကျွံကာဝဲရစ်​ ဖြစ်​ဖြစ်​မည်​။ မက်​မက်​သည့်​​ဇော စစ်​ရည်​​ကြော မ​နောစချင့်​ တင့်​သင့်​ကြည်​။ သက်​ပုံမက်​ဆူး အဆိပ်​မြူး လူးလူးလိမ့်​လိမ့်​ ဆိမ့်​ဆိမ့်​အီ။ ကံကုန်​ကာလ ရွက်​လွှင့်​ကျ ​မြေခ​လွေ့​လွေ့ ​သွေ့​တော့သည်​။ ။ " သစ်​ရိပ်​ညို "

ခေတ်သစ်မြန်ပြည်

" ​ခေတ်​သစ်​ မြန်​ပြည်​ " တိမ်​မျှင်​ ကွယ်​ကာ ၊ အမြင်​လွှာ ဝယ်​ ထင်​လာ ​ဆေး​ရေး ၊ ​ရောင်​ဝါ​စွေး ၍ နတ်​​ရေး ပန်းချီ သသည့်​နှယ်​။ ​ရွေ့ရံ ရစ်​သီ ၊ တိမ်းပန်​ချီ ကား ​ရောင်​နီ သွားတိုင်း ၊ မုန်​ဆင်​ရိုင်း လို စစ်​လှိုင်း ချီတက်​ ၊ ဂုမ္ဘာန်ထွက်​ သို့ ဆင်းသက်​ နဂါး ၊ ဂဠုန်​ များလား ဆပွား ​တွေးဆ မိ​တော့တယ်​။ စိတ်​ဟပ်​ ထင်​​ယောင်​ ၊ ရဲရင့်​​​အောင်​ ဖြင့်​ စာ​နှောင်​ ဟစ်​​ကြွေး ၊ ကဗျာ​လေး တို့ နု​သွေး ကြွကြွ ၊ ပြည့်​ကဏ္ဍ ဝယ်​ နိုးထ ပြည့်​မီ ၊ စာပန်း စီ၍ ညီညွတ်​ စည်းလုံး ၊ ပန်းသီကုံး လို့ ရွှင်​ပြုံးအားရ ရှိလှသည်​။ ။ " သစ်​ရိပ်​ညို "

နှစ်သစ်မင်္ဂလာ

" နှစ်​သစ်​ မင်္ဂလာပါ " ပြည့်​ဝှမ်းရိပ်​မြုံ မြတ်​နိုးစုံ ​မွှေးထုံ သင်းပါ​စေ။ စာနာသနား ​မေတ္တာပွား စိတ်​ထား တူပါ​စေ။ ရင်​နှစ်​သည်းချာ သားပမာ ကြင်​နာ တတ်​ပါ​စေ။ ​စေတနာလမ်း ရင်​မှာစမ်း ရွှင်​လန်း နိုင်​ပါ​စေ။ ပန်းလိုမွှေးကြူ စိတ်​ထားဖြူ ရည်​တူ ချစ်​ပါ​စေ။ ထကြွနိုးကြား ပြည့်​အင်​အား ထင်​ရှား ညီပါ​စေ။ ​ပေါပြည့်​ဝကြွယ်​ ကြည်​နူးဖွယ်​ ​ရေနှယ်​ ​အေးပါ​စေ။ မင်္ဂလာ ပန်း ပန်​​ဆင်​မြန်း ​အေးချမ်း ကြပါ​စေ။ " သစ်​ရိပ်​ညို "

နေရာယူသော

" နေရာယူသော " တစ်နှစ်သစ် လို့ တစ်နှစ်ဟောင်း ပြက္ခဒိန် လေး နေရာပြောင်း။ အချိန်ပြောင်းလဲ ဘဝတာ အရေးကိစ္စ ဝမ်းတစ်ထွာ။ ပြက္ခဒိန်သာ နေရာပြောင်း စားဝတ်နေရေး မှာ အကြောင်း။ ဘယ်မင်း ပြောင်းပြောင်း မထောင်းသာ တို့ပြည်သူ တွက် မြဲနစ်နာ။ အလိမ်အညာ မျက်နှာပြောင်း မွှေမွှေ ဘဘ စိတ်ပျက်ကြောင်း။ နောက်ထပ်ပြောင်းလဲ လိမ်ဦးမှာ ပြက္ခဒိန် လေး လုံးလည်ချာ။ ရက်ရာဇာ ကျ မင်းအပေါင်း ပြဿဒါး က ပြည်သူ့ ခေါင်း။ ပေါင်းစားတတ်မှ ချမ်းသာကြောင်း။ ခိုးဝှက်တတ်မှ နေထိုင်ကောင်း။ တရားပျက်သည့် အူတိုင်ခေါင်း။ တိုင်းပြည်ပျက်မည့် ထို အပ်ကြောင်း။ " သစ်ရိပ်ညို "

နှစ်သစ်ကူးညမှသည်

" နှစ်သစ်ကူးညမှသည် " လာလေမယ့် နံနက်ခင်း ရှင်နေမင်း ဆီးလို့ကြို။ လမင်းမို သစ်လွင်ဖူးစ နှစ်ဦး ညဉ့်ဗဟို။ နှစ်ဟောင်းကို ဖြို နှစ်သစ်ကို စောင့်စား။ အားပြည့်ဝ မျှကုသိုလ် အကုသိုလ် စရိုက်ဆိုးကိုတော့ ချိုးဖျက် စေသား။ ။ ညဥ့်ဦးယံ တစ်ချက်တီး မြည်ဟီးတဲ့ စည်ပဟိုရ်။ စည်တစ်ရံ နှစ်ရံကြား ညဥ့်နက် အားပို။ သန်းခေါင်ယံ ညဥ့်ဗဟို ကြိုပါရဲ့ နှစ်ဦး။ မိုးသောက်ယံ ဆန်အတက်ဝယ် လင်းကြက် တွန်ကြူး။ ။ အရုဏ်ဖြာ တက်အလင်း နေမင်းက စကြည်လင်။ အမှောင်ကို ဖြိုဖျက်ခွင်းတော့ ဝင်းပ ရောင်စဉ်။ နှစ်ဦးရင်ပြင် ရွှန်းလဲ့လွင် ရွှင်လန်း။ မကောင်းမှု ဖိတ်စင် စိတ်အစဉ် အမှောင်ခွင်းကာ လင်းမည့် နှစ်ဆန်း။ ။ " သစ်ရိပ်ညို "

ဆောင်ကုန်သည်နွေခုန်ကူး

" ဆောင်းကုန်သည် နွေခုန်ကူး " ဆောင်းကုန်သည် လေကုန်ကူးတို့ နှစ်ကူးနှင့် လှမ်းကြို။ မြောက်ဧည့်သည် အောင်ဖျာလိပ်မှာမို့ တိတ်တဆိတ် ငို။ ငိုလို့သာ ငိုရင်းငို အေးလို့ဆို ပိုပိုအေး။ ဖေဖေါ်ဝါ ရီမှာကွယ် လေ တလည် လေတန့် ဆောင်း ညောင်းဆန့် လေပြေး။ ။ ဇန်နဝါ ရီသည်လ မှုန်ပြပြ ဝေးကွာ နေနှင့် ကမ္ဘာ။ နှစ်ဆယ့်တစ် ရက်ကယ်မှာ နေ့တာဟာ အရှည်ဆုံး။ မီးသာ ဖိုလှုံ စောင်မလုံ တုန်အောင်ချမ်းသကွဲ့ ဆောင်းနန်း တက်တုန်း။ ။ လင်းအရုဏ် နံနက်ခင်း ဆီးနှင်းကျ တဝေဝေ။ ညသိပ်ရေ ထုံကျဉ်သွားမယ်ကွဲ့ လက်ဖျားရိုး ကျေ။ နွေကျတော့ ပူပြီလေ နွေဆိုနွေ ဆယ်နွေကဲ။ မတ် ဧပရယ် မေလများတောင် အားရနိုင် ဘဲ။ ။ ဘိုးဘွားပိုင် ရေလေမြေ မြန်မာပြေ တစ်လွှား။ ဖေးမ ညီတူ အေးအတူ ပူအမျှ ရှိကြ စေသား။ ။ " သစ်ရိပ်ညို "

ငြိမ်းချမ်းသာယာ

" ငြိမ်းချမ်းသာယာ " စိတ်​တင်​စိတ်​ကြွ စိတ်​ကျသူငါ စိတ်​လိုအကြိုက်​ စိတ်​လိုက်​မာန်​ပါ စိတ်​တိုစိတ်​ငြိုး စိတ်​ဆိုးမြန်​စွာ စိတ်​မ​ကောင်း စိတ်​​ထောင်း ကိုယ်​​ကျေလာ။ တန်​ရာတန်​ဘိုး အကျိုးညီစွာ တုန့်​ပြန်​စိတ်​ဓာတ်​ မွန်​မြတ်​မှသာ အာဃာတများ သိပ်​မှား​သေချာ ကိုယ်​သာပါ့ ကိုယ်​က အခရာ။ စိတ်​​နေမြင့်​မြတ်​ ရှုမှတ်​စာနာ ကြင်​နာသနား တရားစိတ်​မှာ ကုသိုလ်​အမှု ပြုကြသူငါ ပညာရှိ သတိ မှန်​ကန်​စွာ။ တစ်​လံအရပ်​ စိတ်​ကပ်​ခန္ဓာ ​သေရွာဘဝ ခဏမကြာ များ​ထွေလူသား ​မြောက်​မြားစွာမှာ ​သေရွာလား စံစား ရာမပါ။ သို့မို့​ကြောင့်​လည်း ​ဖောက်​လွဲခန္ဓာ ရှင်​​နေချိန်​​လေး ပြု​ရေးမှန်​ပါ ​ကောင်းမှုကိုပျိုး အဆိုး​ရှောင်​ခွာ ​ဘဝ​လေး ငြိမ်း​အေး လွန်​ချမ်းသာ။ ။ " သစ်​ရိပ်​ညို "

သတ္တရုက္ခအတ္တဝါဒီ

" သတ္တ ရုက္ခ အတ္တ ဝါဒီ " ဟယ် အတ္တ သင့်ဝါဒ တို့မနိုင် ပိုင်နိုင်စွာ ဘဝလုံးကို ဖုံးလွှမ်း လို့ကိုင်။ သတ္တရဲ့ လောဘဝါဒီ ကပ်ကြလို့ သောကဖြာပြီ ဒီဝါဒီ အယူမုန်းစရာပါ့ ရုန်းမထွက်နိုင်။ ပြုံးလျက်နဲ့ ရယူပိုင် ရှုံးလျက်ကွဲ့ မရှော့ရင်ဆိုင် ဒီမခိုင် မှိုင်စိတ်ဝမ်း။ ကပ်ကမ္ဘာ ကုန်ခမ်းပါမှ မြတ်သာသနာ ထုံမွှမ်းပေရဲ့ ကြုံစမ်းကွဲ့ လောကဓံ မကုန်ခမ်းတဲ့ အတ္တလမ်းမှာ နွမ်းလျလျက်လှမ်း။ ။ " သစ်ရိပ်ညို "

အမုန်းနိဂုံး

" အမုန်းနိဂုံး " ဤကမ္ဘာ မြေတုန်ဟီးလျက် ငိုငြီးချက် ရယ်ကနာ လူ့ပြည်လူ့ရွာ။ ငါ့အားအင် အိုးလုံးမှောက်ပေးသော်လည်း မလောက်နိုင်ရှာ။ ဪ ခက်လှပေါ့ လူတို့ရွာ ငါ့ကမ္ဘာ မှီတွယ်လို့သိမ်း။ စစ်ပွဲတွေ ပလူပျံပေါ့ သက်ရှင်ရန်တော့ မကြိုးစား ဆပွားကာ ငါ့အားလာ နှိပ်စက်လေသမျှ ကြိတ်မှိတ်လျက် တုန့်ပြန်ရာ ကပ်ကမ္ဘာ မြေတုန်ဟီးလျှင်တော့ လူ့ပြိတ္တာ သတ္တဝါပြုန်းကြမယ်ကွယ် အဆုံးသတ်ကိန်း။ ။ " သစ်ရိပ်ညို "
" အိမ်၏အရှင် သခင်မ " သားသခင် လင်ကိုဘုရားရယ်လို့ ဦးထိပ်ယံ ပန်ဆင်ထားတဲ့ ဇနီးမယား အိမ်အရှင်မှ ကျွေးမွေးသုတ်သင်။ ငြူစူတဲ့အတွေး လှောင်ရေးဖြင့် မငြိုငြင် ရှောင်ဖယ်ကျင် မတိမ်းပါး စိမ်းကားဖို့ မမြင်။ စာနာပေး ငြိမ်းအေးလှ နွေးထွေးစွ မေတ္တာဝင် သစ္စာရှင် လှတရား။ မပင်ပန်းနိုင်ရှာဘု ဝန်ထမ်းရာ အိမ်သူခင့်မှာဖြင့် လင့်ဝတ္တရား သားသမီး အထွေထွေ ကျင့်သီလပွား မမှားယွင်း စေတယ် အားတင်းချွေ အပူရုပ်ကို ဖုံးအုပ်လို့ထား။ ဆပွားမည့် ဘဂဝါ အပယ်ရွာ တဏှာအသိကြောင့် မချိသည့် ခန္ဓာ။ တွယ်ငြိမိ ချစ်သဒ္ဒါ စေတနာ ပိုအတွေး။ သဒ္ဒါလွန် ကျွံခဲ့မှ နွံအမျှ ပါရမီရံတယ် သာကီမှန် ကံကို အသိအားပြုရှာတဲ့ မိသားစုလေး။ ဇရာငုံ တွယ်ငြိစမှာမို့ ဘယ်ထိပါ့ အသက်ရှည်မယ် ချိုးလက်ရေ စောင့်စား။ ပင်ပန်းနွမ်း လေသမျှ ကိုယ့်ဝမ်းနာ ကိုယ်သာသိသည်မို့ သတိလက်ကိုင် ထားရှိလျက်ကွယ် စောင့်သိတရား။ " သစ်ရိပ်ညို "
" အ​မေများ​နေ့ " အ​မေ့​ခြေရင်း ပြုစုရင်းနှင့်​ အိုခြင်း နာခြင်း ​သေးခြင်း ဒုက္ခာ လမ်းပြ သည့်​ ဇရာ။ အရွယ်​အို မပျိုရှာပါ စို​ပြေစွာ အ​မေ့အသား။ အကြင်​နာ ရင်​အနှစ်​နဲ့ ချစ်​တဲ့ စိတ်​ထား။ ။ သားသမီးကို ရင်​လွယ်​သည်​မှ အ​ခြေကျထိ ထမ်းပိုးလာ ပင်​ပန်း​ နေရှာ။ သို့​ပေမယ့်​ အ​မေ့မှာ ရွှင်​ကြည်​သာ မ​မော။ သားသမီး​ပေါ် တကယ်​စစ်​တဲ့ ချစ်​​မေတ္တာ ​ဇော။ ။ တတ်​ပညာ သိစရာများ သင်ကြား​လှ ​နေ့တိုင်းမှာ ​အေးငြိမ်း ချိုသာ။ သားသမီးက ​ရှေ့တန်းပါ အ​မေဟာ ​နောက်​တန်း။ ​စေတနာ ​မေတ္တာ​သွေး ​ကြောင့်​ ​မွေး​မေ ရွှင်​လန်း။ ။ အ​မေ အ​မေ အ​မေ့ဂုဏ်​များ ​ပြောကြား၍ ကုန်​ဖွယ်​မမြင်​ လူ့​လောကတွင်​။ အ​မေသာလျှင်​ ​မေတ္တာရှင်​ ဟု​တွေး။ ထာဝစဉ်​ပါဆို အ​မေအို ပျို​​နေဆဲကွယ်​ အမြဲ ချို​အေး။ ။ " သစ်​ရိပ်​ညို "
" နှစ်ဦး သံသာ " နေခြည်ဖြာ သာယာတဲ့ နံနက်ခင်း။ နှစ်သစ်တွင် တူယှဉ်တွဲ မြဲသည့်ချစ်ခြင်း။ တောင်စဉ်လွှာ စီကာဆင့် မြင့်မား။ မိုးထက်ယံ တိမ်လျံဖောက် ဖြိုးမောက်လို့ကြွား။ ရွှေရွက်ဝါ ထံတျာတွဲ့ သွဲ့မျှဉ်း။ လေယူရာ သွယ်ကာလှိုက် ဝေ့ဝိုက်နွဲ့ဆင်း။ စမ်းချောင်းငယ် သွယ်သွယ်လဲ့ သက်ညင်း။ မြစ်နဒီ စုံညီလျောင်း ပေါင်းစုံစီးဆင်း။ ဆောင်းငွေ့ဝေ ကြွေစေပေါ့ မြူနှင်း။ မိုးသောက်လျှင် ဖြူစင်ပ ကြွေကျလို့ဆင်း။ နွေကန္တာ ဖြေရာမဲ့ ရင်တွင်း။ သစ်ရွက်ချွေ လေပူငွေ့ လွေ့လွေ့ကြွေဆင်း။ ရွှေမိုးရွာ ဆင်လာတဲ့ တိမ်မင်း။ ပုလဲငွေ ရေကြည်ပေါက် ဖျောက်ဖျောက်ကြွေဆင်း။ ပင့်သက်ဖြာ ယဉ်ပါပေ့ ရွှေအဆင်း။ လှမြဉ္ဇူ ပျိုဖြူလေး အေးမြရင်တွင်း။ " သစ်ရိပ်ညို "
" စံပြပြုထုံး " ဖူးငုံစ ပန်း ၊ ချွေယူနမ်း၍ လန်းဆန်းခက်ဖွယ် ၊ သူနွမ်းနယ်သည် ပွင့်ငယ်သက်တမ်း နုသောကြောင့်။ စာသင်ရွယ်သား ၊ ငယ်သူအားလျှင် မိသားမရှိ ၊ ဝမ်းရေးသိနှင့် သူ၏ဝမ်းစာ ရှာသောကြောင့်။ ရွယ်တော်သစ်စ ၊ ဖူးငုံမျှဝယ် ကာမတိုက်ကျွေး ၊ သည်ကလေး၌ ကိုယ်လေးလက်ဝန် ရှိသောကြောင့်။ ဥာဏ်တိမ်ငယ်သား ၊ လူစုအားဖြင့် တရားဖြင့်စေ ၊ ဥပဒေတွင် ထန်ဝေ ကာမ ၊ ဖူးငုံစ၌ ပန်းလှပြစ်ဒါဏ် ၊ ချွေခူးခံမည့် မူမှန်မဟုတ် ၊ အယူနုပ်ဖြင့် မိန့်ထုတ်အာဏာ ၊ လူ့ပြေရွာတွင် အာသာဆန္ဒ မက်သောကြောင့်။ မာယာကာမ စွက်သောကြောင့်။ တဏှာရာဂ ယှက်သောကြောင့်။ ။ " သစ်ရိပ်ညို "

ဆောင်းနံနက် ခင်း

" ဆောင်းနံနက်ခင်း " ငှက်ကလေးတွေ စိုးစိုးစီ နေခြည် ထွက်တော့မည်။ လေညင်းဝေ့သီ တသွဲ့သွဲ့ သစ်ရွက် လှုပ်လဲ့လဲ့။ ဝန်းကျင်ကျဲပြန့် သဲသဲခို ငွေနှင်း ဖွဲဖွဲစို။ ပင်ပျိုပန်းငုံ စို့စို့ဖူး လိပ်ပြာ ဖျတ်ဖျတ်လူး။ စမ်းချောင်းနဖူး ကမ်းပါးယံ စီးသံ သောသောညံ။ ကျေးငှက်မောင်နှံ ​တေးသီကုံး ပြုံးပျော်လို့ မဆုံး။      ။                   " သစ်ရိပ်ညို "

စောရအိုင်

" ​စောရအိုင်​ " ဒီဇင်​ဘာ နံနက်​ခင်း မြူနှင်းခ တ​ဝေ​ဝေ ချမ်း​ဆောင်းမြ ​စေ။ မီးပုံပွဲ နွှဲစို့​လေ ​ခေါင်​​ရေ ချို လက်​ကမ်း။ ​တောင်​တန်း​နေ ​ဖော်​​ဆွေသဟာနှင့်​ မ​နော​မြေ ကြူကြူတေးရယ်​ ​ကွေးက ချင်​စမ်း။      ။                " သစ်​ရိပ်​ညို "

အံဖုံး

" အံဖုံး " အံခွက်​ကယ်​ အံအဖုံး သူ့အဖုံးနှင့်​ သူ့အခံ ကွက်​တိ အမှန်​။ ဤခွက်​ဖြင့်​ တခြားအံ ကြံဖန်​ကာ အုပ်​လည်း။ ခွက်​အခံ အံမဟုတ်​​တော့ အုပ်​ရ ခက်​ခဲ။     ။               " သစ်​ရိပ်​ညို "

ပျို့မောင်ဖေ

" ပျို့​မောင်​​ဖေ " ​ယောင်​ကြီးရှင်​ မြန်​မာ့ဘုန်း ဆံထုံး နှင့်​ ရစ်​​ခွေ။ သမန်းဝင်​ ​ခြေသလုံးဖြင့်​ ပျို့ဖုန်း ​မောင့်​ ချစ်​​ဆွေ။ တံစဉ်​ဝိုက်​ နင်းဖြတ်​​နေ ​ကောက်​လှိုင်းရွှေ ဆန်​စပါး။ ထက်​​ကောင်းကင်​ ရှင်​​နေမင်း​တောင်​ ဝင်းပ ခစား။     ။ ​နေမင်းက ပူ အရိပ်​ဟူ ရှား​ရော့သလား။ ကန်​သင်းငူ အပိုင်​တက်​လို့ နံနက်​စာ စား။     ။ ​တောင်​သာတွင်​ ​မေးတင်​​ပြေး​တော့ ​နေညို​အေး ဆည်းဆာ ညင်း​လေက သာ။ နွားလှည်းနှင့်​ လယ်​ကပြန်​လာ ပတတ်​စာ လယ်​ကန်​စွန်း။ ပျို့​မောင်​​ဖေ ​နေညို​တေးရယ်​ ​အေးမြ သာလွန်း။     ။                     " သစ်​ရိပ်​ညို "

မေတ္တာ စေကျွန်

" မေတ္တာ စေကျွန် " ရောင်းဝယ်ဖောက်ကား ၊ နှလုံးသားကြောင့် သူ့အားချစ်လို့ သွားမိသည်။    ။             " သစ်ရိပ်ညို "

ကိလေသာ

" ကိလေသာ " မကြိုက်ဝံ့ မနာသာ ဝမ်းတစ်ထွာ စွန့်ကျဲ။ ပိုး လောက်ငယ် အသွယ်သွယ် တို့ တယ်ကြိုက် လေမြဲ။   ။           " သစ်ရိပ်ညို "

လောကီ ချမ်းသာ

" လောကီ ချမ်းသာ " စိန် ရွှေ ရတနာ ပြည့်ဝ အဟာရ ကုံလုံ ဥာဏ်ရည်ဂုဏ် ကြွယ်ဝ အေးချမ်းရ စိတ်ဝယ် အသွယ်သွယ် လှူဒါန်း မမောပန်း လန်းစွာ ကိလေသာ မီးငြိမ်း လွန်အေးငြိမ်း ချမ်းသာ အကြင်နာ ရှေ့ထား မေတ္တာများ မျှဝေ မသေခင်လေး ၊ ကောင်းမှုတွေး၍ နောင်ရေးဘဝ ၊ လမ်းခင်းရလျှင် ဘဝတွက်တာ မင်္ဂလာ။    ။            " သစ်ရိပ်ညို "

အကာ အချစ် အနှစ် မေတ္တာ

" အကာအချစ်​ အနှစ်​​မေတ္တာ " ​လောဘ ကြမ္မာ ၊ ​သောက ဖြာ၍ ​သေရွာကို ချဉ်း ငြင်းခက်​သည်​။ ​ဒေါသ ရာဂါ ၊ ​မျောတတ်​ပါ ၍ စာနာ ပျက်​ယွင်း နင်းတက်​သည်​။ ​မောဟ တဏှာ ၊ ​ဇောကြွ လာ၍ သာယာ​ ဖွေရင်း ဆင်းသက်​သည်​။ ​နေ့စဉ်​ ဖြစ်​ရိုး ၊ အတ္တဆိုး က ​သေမျိုးတို့ တွက်​ ၊ ပဉ္စလက်​ဖြင့်​... ချုပ်​လျက်​ မာယာ ၊ ​ဝေဒနာသည်​ အကာ အဖျင်း ၊ ​လောင်ြ​မိုက်​ရင်း လျှင်​... ရင်​တွင်း အနှစ်​ ၊ တရားစစ်​ သာ ကုတ်​ခြစ်​ စုထား ၊ ​သေရွာလား သော် အပါး မခွာ ၊ အနားလာ ၍ ​သစ္စာ ဆက်​သ ၊ ​မေတ္တာမျှ လျက်​... ဘဝ ကျောက်တိုင် ၊ မြဲ မတ်​ခိုင်​မည်​ မပိုင်​ ၏​လော ပိုင်​​ ၏လော။      ။                 " သစ်​ရိပ်​ညို "

ငယ်ပေါင်း

" ငယ်​​ပေါင်း " သူငယ်​ချင်း ​ရေ ၊ ရွာ​နေ တို့များ ​နေသား တကျ ၊ ​ပျော်​ခဲ့ ကြတာ ​မေ့မှ ​မေ့လို့ ​နေပြီလား။ မင်းက မြို့မှာ ၊ ​ရောင်​ရှိန်​ဝါ နှင့်​ ပညာ ရင်​နှီး ၊ စီးပွား ကြီးလို့ ပိုပြီး ​ပျော်​​နေ ရမှာ​ပေါ့။ ငါက ရွာမှာ နဂို ဖျာနဲ့ လယ်​ယာ ထွန်​သွား ၊ ဘယ်​ညာ နွားနဲ့ မအား လပ်​ပါ သူငယ်​ချင်း။ ငယ်​စဉ်​ တုန်းက ၊ ​ပျော်​ကြ ရတဲ့ ​ချောင်းဝ ငါးထိုး ၊ ​ရေဆင်း ချိုးလို့ ပုဆိုး စိုနဲ့ ကစားခဲ့။ ရွာဦး ​ကျောင်း​တော်​ ၊ ရာ​ကျော်​ သက်​ကြီး ပင်​ မန်​ကျည်း ​ပေါ် ၊ ဘုန်းကြီး ​အော်​လည်း နှစ်​​ဖော်​ တက်​ခူး ခဲ့​သေးတယ်​။ သူငယ်​ချင်း ​ရေ ၊ ခု​နေ ​ခြေကျ ​မွေး​မြေ ရပ်​ခြား ၊ မင်း ​ဝေးသွားလို့ ငါ့အား မင်း​မေ့ မှာပါ​လေ။ ငါ့မှာ​ တော့​လေ ၊ ​ချောင်းဝ ​ရေကို လယ်​​ရေ ​တင်​​တိုင်း ၊ ငယ်​က တိုင်းပင်​ ကိုင်း​ကြွေ ကိုင်း​ခြောက်​ ၊ တ​ဖျောက်​​ဖျောက်​နဲ့ ရွက်​​ညှောက်​ မန်​ကျည်း ၊ ပင်​အိုကြီး ၌ ပြန်​ပြီး မြင်​​ယောင်​ ၊ ငယ်​က​ကောင်​ ​ဖြင့်​ ငါ့တောင်​ ​မေ့​လျော့ ​နေပြီ​ကော။     ။                       " သစ်​ရိ...

ခင့် မူပိုင်

" ခင့် မူပိုင် " ဘီးရယ် မှန်ရယ် ကျောက်ပြင်ရယ် သနပ်ခါးသွေး လိမ်းလို့ကျံမယ် ခင့်သားရေ နုနုပါးထံ မွှေးနံ့သာချယ်။ အံမယ် အံမယ် အမယ်မယ် ကိုလူလည် စကားတတ် အနားရပ် လာတယ် ပါးအပ်ကာကွယ် ချစ်တယ် သက်လည် မျက်ကွယ်မယ် ဆိုစကားဖြင့် အပိုကြွား သလိုများ သက်ထားကို ချော့မြှူကစားချင်တယ်။ ချစ်တော့ချစ်တယ် ကိုကို ရယ် ရည်းစားဆို ဇီးပြားကို နှီးဖျားလို ကစားနေသူရယ် သက်ထားဆီ ဒီအချိုး အမျိုးမျိုး တော့ မဖြစ်စေချင်ဘူးကွယ် မုန်းပါဘူးကွယ် မေ့ပါဘူးကွယ် ချစ်တာတွေ အပိုစကား ထပ်မကြားနိုင်ဖွယ် အကြင်နာ အပြုံးဆိုင်ဝယ် သံသရာ ဆုံးတိုင် ရွယ် ရာသက်လုံး ဖလှယ် မမုန်းတန်းပဲ ချစ်သဲ ပိုင်ချင်တယ်။                " သစ်ရိပ်ညို "

တို့မြေတို့ရေတို့အမွေ

"တို့မြေ တို့ရေ တို့အမွေ " လယ် ကန်သင်း ဖေါ်မယ်​၊ ရေမြောင်းကျော် ချောင်းသော်ကူးလျက် ကန် တူးလို့ ဆယ်။ ပြန့်ဖြူးတဲ့ အင်းအိုင်ရယ် မူး မြစ်ကြွယ် ဆည်​​ရေဆောက်။ ငွေပင်လယ် လွန်ကျယ်ပြော မျှော်လင့်သော ခေတ်အမှန် တို့ နိုင်ငံ တို့ အရေးတွက် ထမ်းရွက်ချိန်ရောက်။         ။                      " သစ်ရိပ်ညို "

မြန်မာ့ဌာနီငှက်တိုင်းပြည်

" မြန်မာ့ဌာနီ ငှက်တိုင်းပြည် " နှံပြည်စုတ် သစ်တောက်ငယ် သပိတ်လွယ် ကြက်တူရွေး ငှက်ကျားလေး ဇင်ယော်ပျို။ ရွှေချိုးဖြူ စာဝတီး ဘုံမတီး ငှက်ကြီးဝန်ပို။ တင်ကျီးငှက် ဆက်ရက် ခို ရွှေကျီးညို ငှက်ခါး။ ရွှေ ဥဒေါင်း ရွှေကြိုးကြာ ရွှေဟင်္သာ အောက်ချင်း ရွှေပိန်ညှင်း ဘဲ ငန်း ကြက် ရွှေဇီးကွက် ဇီဝဇိုး တက်တီတူး ဗျိုင်း ဖိုးခေါင် သိန်း လင်းယုန် စွန် လင်းတရယ်ဖြင့် လွန်းကျင် ရစ် ဥဩ ငုံးငယ် ဘီလုံး ပျံလွှား။                        " သစ်ရိပ်ညို "

အသက်ကြီးဆင်စီးပါ

" အသက်ကြီးဆင်စီးပါ " ဝိဇ္ဇာ လို လူနတ်သား ကြွားချင်လှ သူ့အသွင်။ အချိန်ကုန် ငွေကုန် အားငဲ့ သွားတက်ကြည့်ချင်။ ဧဝရက် တောင်ထိပ်တွင် အလံတင် ထူဖို့အရေး။ ကံမလျော် အသက်ပျောက် စိုးကြောက် မတွေး။    ။ အန္တရာယ် ဒုက္ခဘေး ကြီးလေးသည် လူရွယ်။ တောင်ထိပ်ပေါ် ခဏလောက်သာ လမ်းလျှောက်ရှာတယ်။ ဤနေရာဝယ် ဒုက္ခနယ် အလွန်ကျဉ်း။ လူရွာပြည် ဒုက္ခတွင်းသာ သင်း ပြန်လို့ ဆင်း။    ။ လူအရွယ် မငြိမ်ခြင်း ပြိုဆင်းသည့် ဘဝတာ။ ဆင်ခြင်ရာ ထိုလေးပါး မမှား စေရာ။ အသက်ကြီး ဆင်စီးဆိုတာ ဆိုလိုရာ ဆင်ခြင်ရေး။ ကံစိတ်ဥတု အဟာရကို မျှတ ဖို့လေး။    ။ ဒုက္ခကို ဝယ်မကြွေး အချိန်ပေး ဆင်ခြင်ရာ။ ပညာကို မြတ်နှလုံးနဲ့ သီကုံး ပန်ပါ။ လူ့ပြည်ရွာ သင်္ခါရ ချိန်လေး။ စဉ်စားမြင် ဆင်ခြင်အပ်ဖွယ် မှတ်ကြ လူလေး။    ။           " သစ်ရိပ်ညို "

သီတအေးမြခြင်း

" သီတ အေးမြခြင်း " တိမ်​သဉ္ဇာ လမဖုံး ရှုမက်​မဆုံး ကြည်​လင်​ ​ကောင်းကင်​တစ်​ခွင်​။ ​မြောင်​လျှိုစမ်း သန့်​​ရေစင်​ လ​ရောင်​ရွှင်​ ဖြတ်​လူး။ ငါးကြင်း​ရွှေ သီတာစိမ့်​မှာ ​အေးငြိမ့်​ငြိမ့်​ ကူး။     ။                   " သစ်​ရိပ်​ညို "

ဣိယ ဘေး

" ဣိယ ဘေး " ခုနစ်စင်ကြယ်ပြောင် ၊ အမြီးထောင်ရော့။ ဒီမောင်တစ်ယောက် ၊ တစ်မိုးအောက်မှာ ရွာနောက်မြောက်နား ၊ ရွာတံတားထိပ် ရွာသားအိပ်ချိန် ၊ ရိပ်ရိပ်မှိန်သည့် တိမ်လွှာခစား ၊ လနတ်သားလျှင် ငါ့အားစောင့်ရှောက် နေသည်ထင့်။ ရွာတံတားအောက် ၊ လရောင်တောက်သည့် တလျောက်စီးထွေ ၊ စမ်းချောင်းရေသည် တေးစေရင့်ကျူး ၊ လှုပ်လှုပ်လူး၍ ရွှင်မြူးဦးခိုက် ၊ အကတိုက်သို့ လှိုက်လှိုက်သည်းဖို ပြသထင့်။ မင်းတို့လေးတွေ ၊ ဝန်ရံချွေလည်း တွေဝေနှလုံး ၊ မရွှင်ပြုံးနိုင်။ ယူကြုံးမရ ၊ ငါ့မိန်းမက ဒီည သူ့နား မလာနှင့် တဲ့။    ။             " သစ်ရိပ်ညို "