ဂုဏ်​ပြုကဗျာ

” ဂုဏ်ပြုကဗျာ ”

အတွေးလေညင်း ၊ ဆွတ်ပျံ့သင်းပါ့
ဆွေရင်းရင်မှ ၊ ကဗျာတွေ။

အဖေအမေ ၊ ဘိုးဘွားမြေနှင့်
သူ့မြေငယ်ရင်း ၊ သူငယ်ချင်းများ
ရင်တွင်းချစ်သူ ၊ ဖေါ်မဲ့သူတို့
ငှက်မူသင်းချွေ ၊ ရွက်ဝါဝေကာ
သေ..ကြွေ..မြေ..ခင်း..၊ လွမ်းမိရင်းဖြင့်
လွမ်းချင်းထွေထွေ ၊ လွမ်းမိစေပြီ
လွမ်းလေလွမ်းကာ ၊ လွမ်းရရှာသည်။

သက်လျာသက်နှင်း ၊ ချစ်တတ်ခြင်းများ
လွမ်းချင်းလူးလူး ၊ လွမ်းမေ့မူးစွာ
တွေးထူးရစ်သီ ၊ ဆန်းသစ်တီထွင်
ကာရည်..ကာရေး.. ၊ ကာရံတေးဖွဲ့
နွဲ့သွေးတွဲ့စွာ ၊ ဟန်မူယာပြ
မြင်လာခဏ ၊ လူ့ဘဝတွေ
ဆဆတွေးမျှော် ၊ ဖေါ်ပြသည်....ကား..

"သင်းကွဲငှက်တစ်ကောင်ရဲ့တမ်းချင်းတပုဒ်"

လှမ်းလို့ခေါ်သည်
ဘယ်ဆီမသိ ၊ ဘယ်သူရှိပါ့
ငါ့သိငှက်များ ၊ ဘယ်သို့သွားပြီ။

မှန်းလို့မျှော်သည်
ရော်ရီချိန်များ ၊ ပျောက်လို့သွားလည်း
ငါ့အားဖယ်ခွာ ၊ ထားခဲ့ပါပြီ။

နေရီညိုသွေး ၊ ငှက်တို့တေးသံ
ရွှင်အေးသံလည်း ၊ ဝေးရပြီ။

ဘယ်ဆီခိုရေး ၊ သက်ဖို့တွေးပြန်
ရင်ဆွေးခံသည်း ၊ မှေးရမည်။

ဌာနေပြန်ငှက် ၊ ညဥ့်အိပ်ခက်လို့
သွေးပျက်သည့်ဟန် ၊ သောသောညံစွာ
ဖန်ဖန်ငိုကြွေး ၊ ချော့မြှူပေးမည့်
ခင်လေး... ဖ...မိ... အသိ... ရှိက
တော၏အလယ် ၊ ငါ့ကိုကယ်ဖို့
အိုကွယ်လာလော့ ၊ လာပါတော့ကွယ်။

မြိုင်ကျော့သီလာ ၊ တစ်ကောင်သာရှင့်။

ခါခါဟစ်ကြွေး ၊ မုဆိုးဘေးလည်း ရှိသေးသည်။

မျော့မျော့ကျန်သည့် ၊ အသံသည်ကား
အက်ကွဲပြီကွဲ့။

လာပါ...လာပါ...၊ အသံသာတိတ်
မျက်လွှာပိတ်ပြီ... ငါ...ငါ...
ငါအိပ်ချင်နေပါပြီ......တကား။ ။

" သစ်ရိပ်ညို "

Comments

Popular posts from this blog

လောကနီတိ ဆုံးမစာ

ကိလေသာ၁၀ပါး

အက္ခရာနေ့နာမ်